လက်နက်ကိုင်ခုခံသူတွေကို သေဒဏ်ချနိုင်မယ့် လက်နက်ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း
2023.05.12

သေဒဏ်အထိချမှတ်နိုင်တဲ့ ဥပဒေပုဒ်မတွေပါဝင်တဲ့ လက်နက်ဥပဒေကို စစ်ကောင်စီက မေလ ၁၁ ရက်နေ့စွဲနဲ့ ပြဋ္ဌာန်းလိုက်ပါတယ်။
ဒီဥပဒေဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာရေး ထိခိုက်စေမယ့် လက်နက်ကိုင်ဆောင်မှုတွေ၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ ထုတ်လုပ်၊ ရောင်းချ၊ သိုလှောင်မှုတွေကို တားဆီးဖို့နဲ့ လက်နက်ကိုင်ခွင့်ရသူတွေကို ကြပ်မတ်ဖို့လို့ စစ်ကောင်စီက ဆိုပါတယ်။
ဒါဟာလက်နက်ကိုင်ခုခံသူတွေကို အရေးယူဖို့ ရည်ရွယ်တာဖြစ်ပြီး ပြစ်ဒဏ်တွေကိုလည်း တိုးမြှင့်ထားတာတွေ့ရတယ်လို့ ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
"အခုနောက်ပိုင်း တော်တော်များများက သူတို့ကိုလက်နက်ကိုင်ပြီး ခုခံလာတယ်ဆိုတော့ လက်နက်မိလို့ရှိရင် သေဒဏ်အထိချနိုင်တဲ့ပုဒ်မအထိ အမြင့်ဆုံးတင်ထားတာပေါ့လေ။ အဲဒီထဲက သူတို့ မျက်မုန်းကျိုးတာတို့ ဘာတို့ဆို သေဒဏ်အထိချမှာပဲ။ အရင်တုန်းက လက်နက်အမှုတွေက ပြစ်ဒဏ်နည်းတယ်လေ သုံး၊ လေး၊ ငါးနှစ်နဲ့ ပြီးနေတာကို"
စစ်ကောင်စီရဲ့ လက်နက်ဥပဒေ ပုဒ်မ ၂၇ မှာ နိုင်ငံတော်ပိုင်လက်နက် ဒါမှမဟုတ် လက်နက်ကိုင်ဆောင်ခွင့်ရှိသူရဲ့ လက်နက်ခဲယမ်းကို ခိုးယူတာ၊ ရောင်းချတာ၊ လွှဲပြောင်းပေးအပ်တာ၊ လုယူတာနဲ့ ဖျက်ဆီးတာတွေ ကျုးလွန်ရင် ထောင် ၁၀ နှစ်ကနေ ထောင်တစ်သက် အများဆုံး သေဒဏ်အထိ ချမှတ်နိုင်တယ်လို့ တွေ့ရပါတယ်။
ပုဒ်မ ၂၆ မှာတော့ နိုင်ငံတော်ပုန်ကန်ဖို့ ရည်ရွယ်ပြီး လက်နက် လက်ဝယ်ထားတာ၊ ကိုင်ဆောင်တာတွေအတွက် အနည်းဆုံး ထောင်ဒဏ် ၅ နှစ်ကနေ ထောင် ၁၀ နှစ်အထိ ချမှတ်နိုင်ဖို့ စစ်ကောင်စီက စီစဉ်ထားပါတယ်။
ဒီလိုနှစ်ရှည်ထောင်ကျနိုင်မယ့် ပုဒ်မတွေအပြင် လက်နက်ဥပဒေမှာပြဌာန်းထားတဲ့ ဘယ်ပုဒ်မကိုမဆို ကျုးလွန်ဖို့ အားပေးတာ၊ ပူးပေါင်းတာ၊ အားထုတ်တာတွေအတွက်လည်း ဥပဒေပါအတိုင်း ပြစ်ဒဏ်ချနိုင်တယ်လို့ ဖော်ပြထားပြီး ဘယ်လိုပြစ်ဒဏ်ဆိုတာကိုတော့ သီးခြားမဖော်ပြထားပါဘူး။
ဒီဥပဒေမှာ အခန်း ကိုးခန်းနဲ့ အရေးယူနိုင်မယ့် ပြစ်မှုပြစ်ဒဏ် ပုဒ်မ ၁၀ ခုအထိ ပါဝင်ပါတယ်။
ပုံမှန်အားဖြင့် ဥပဒေပြဋ္ဌာန်းမှုကို လွှတ်တော်ကတစ်ဆင့် ဥပဒေပညာရှင်တွေနဲ့ ဆောင်ရွက်ကြပေမယ့် စစ်ကောင်စီ လက်ထက်မှာတော့ သူတို့အတွက်သူတို့ ဥပဒေတွေ ထုတ်ပြန်နေတာ ဖြစ်တယ်လို့ အဲဒီ တရားလွှတ်တော်ရှေ့နေက ဝေဖန်ပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အရေးယူရာမှာ အသုံးပြုနေခဲ့တဲ့ ၁၈၇၈ ခုနှစ် လက်နက်များ ဥပဒေမှာတော့ အများဆုံး ထောင် ခုနှစ်နှစ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေကို ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
မြို့ပေါ်က ပြောက်ကျားအဖွဲ့ဝင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းထောက်တချို့ကို လက်နက်ခဲယမ်းမီးကျောက် လက်ဝယ်ထားရှိတယ်လို့ စစ်ကောင်စီဟာ စွပ်စွဲပြီး ထောင် သုံးနှစ် ဒါမှမဟုတ် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးအထိ ချမှတ်နိုင်တဲ့ လက်နက်များအက်ဥပဒေ ပုဒ်မ - ၁၉ (စ) နဲ့ လက်ရှိမှာ အရေးယူမှုတွေလည်း ရှိနေပါတယ်။