တပ်မတော်က အထူးစီမံချက်အက်ဥပဒေနဲ့ စစ်ဆင်ရေးဆောင်ရွက်ခဲ့


2019.05.08
army-representative-622 ရခိုင်ပြည်နယ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မင်းသူ။
Photo: RFA

ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့နဲ့ပတ်သက်လို့ စစ်ဆင်ရေးဆောင်ရွက်ရာမှာ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဆောင်ရွက်လို့မရတာကြောင့် ၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကာကွယ်ရေး (စစ်ဆင်ရေး အထူးစီမံချက်) အက်ဥပဒေနဲ့ ဆောင်ရွက်ခဲ့ရတယ်လို့ ရခိုင်ပြည်နယ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမင်းသူက ဒီနေ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ သံသယနဲ့ဖမ်းဆီးစစ်ဆေးတဲ့အခါ ပြဌာန်းထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီသာ ဖမ်းဆီးစစ်ဆေးမေးမြန်းဖို့ ပြည်နယ်အစိုးရကနေ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အမြန်ဆုံးညွှန်ကြားပေးဖို့ တိုက်တွန်းကြောင်းအဆိုတစ်ရပ်ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်မှာ တင်သွင်းခဲ့တာပါ။

ဒီအဆိုနဲ့ပတ်သက်လို့ ဒီနေ့ကျင်းပတဲ့ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမင်းသူအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးခဲ့ကြတာဖြစ် ပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားရုံးရဲ့ခွင့်ပြုချက် မရဘဲ နိုင်ငံသားတစ်ဦးကို ၂၄ နာရီထက်ကျော်လွန်ပြီး ချုပ်နှောင်ထားပိုင်ခွင့်မရှိစေရလို့ပြဌာန်းပါရှိတာကြောင့် တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်လို့ သူ့ရဲ့အဆိုမှာ ထောက်ပြထားတာပါ။

ဒီအချက်နဲ့ပတ်သက်လို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမင်းသူက တပ်မတော် အနေနဲ့ သာမန်အချိန်၊ သာမန်နေရာတွေမှာ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ မြို့ပြအုပ်ချုပ်ရေးကိစ္စရပ်တွေမှာ သံသယရှိသူတွေကိုဖမ်းဆီးစစ်ဆေးရာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသား တွေရဲ့အခွင့် အရေးကိုမထိခိုက်အောင်ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် AA နဲ့ပတ်သက်တဲ့ စစ်ဆင်ရေး ကိစ္စရပ်တွေမှာ ကန့်သတ်ချက်တွေရှိတာကြောင့် အခုလိုဆောင်ရွက် ခဲ့တာလို့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမင်းသူကပြောပါတယ်။

၁၉၅၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကာကွယ်ရေး (စစ်ဆင်ရေး အထူးစီမံချက်)အက်ဥပဒေ ပုဒ်မ-၆(၂)အရ သင်္ကာမကင်းသူတစ်ဦးဦးကိုဖမ်းဆီးတဲ့အရာရှိဟာ အခွင့်ရစစ်ဘက်အာဏာပိုင်ထံကနေခွင့်ပြုချက်မရခင် ၇ ရက်အထိချုပ်ထားနိုင်သလို  အခွင့်ရစစ်ဘက်အာဏာပိုင်ဟာလည်း အဲဒီသင်္ကာမကင်းသူကို ၃ လအထိ ချုပ်ထားဖို့ အမိန့်ပေးနိုင်တယ်လို့ပြဌာန်းထားကြောင်း ဒုတိယဗိုလ်မှူးကြီးမင်းသူကပြောပါတယ်။ ဒီပြောဆိုချက်အပေါ်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ခဲ့ကြပါတယ်။

တပ်မတော်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်လို့ပြဌာန်းထား တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီးလုပ်ဆောင်လို့မရဘူးလို့ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးလှသိန်းအောင်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ မသင်္ကာလို့ဆိုပြီး ရွာမှာရှိတဲ့ လူပေါင်း ၂၇၅ ဦးကို တပ်မတော်က ထိန်းသိမ်းစစ်ဆေးခဲ့ပါတယ်။ မသင်္ကာသူတွေကိုဖမ်းဆီးရာမှာ အခုလိုအစုလိုက်အပြုံလိုက်ထိန်းသိမ်းလိုက်တာဟာ မဖြစ်သင့်ဘူးလို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကဝေဖန်ပါတယ်။

တပ်မတော်က ARSA အဖွဲ့ကိုအကြောင်းပြပြီး စစ်ဆင်ရေးဆောင်ရွက်နေပေမယ့် အမှန်တကယ်မှာ ARSA အဖွဲ့အပေါ် စစ်ဆင်ရေးဆောင်ရွက်တာမျိုးမတွေ့ရဘဲ AA အဖွဲ့ကိုသာ စစ်ဆင်ရေးဆောင်ရွက်နေတာ တွေ့ရကြောင်းလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်ကပြောပါတယ်။

ဒါ့အပြင် ကျေးရွာသားတွေကို သံသယနဲ့ဖမ်းဆီးစစ်ဆေးမှုတွေရှိနေတာကိုအကြောင်းပြုပြီး အခြား ကျေးရွာသားတွေလည်း ကြောက်လန့်ပြီးထွက်ပြေးတိမ်းရှောင်နေရတာတွေရှိနေတဲ့အတွက် ဒါဟာ တိုင်းရင်းသားစည်လုံးညီညွတ်မှုကိုပြိုကွဲစေတဲ့လက္ခဏာပဲလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ထောက်ပြကြပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံကလည်း တပ်မတော်သားပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမင်းသူတင်ပြသလို သံသယနဲ့ဖမ်းဆီးစစ်ဆေးရာမှာ ဥပဒေနဲ့အညီဆောင်ရွက်ခဲ့တယ်ဆိုပြီး အဆိုကိုမှတ်တမ်းတင်ဖို့တင်ပြခဲ့ ပါတယ်။

အဆိုရှင်ဖြစ်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်ကတော့ နေမကောင်းလို့ ဒီနေ့လွှတ်တော် အစည်းအဝေးကို တက်မလာတဲ့အတွက် အဆိုကို မှတ်တမ်းတင်မလား၊ အတည်ပြုမလားဆိုတာကို အဆိုရှင်ရဲ့သဘောထားကို မနက်ဖြန်မှာမေးမြန်းဖို့ လွှတ်တော်ကဆုံးဖြတ်ခဲ့ပါတယ်။

(ဗီဒီယိုကြည့်ရှုရန်)

/burmese/multimedia/aa-05082019094244.html

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။