ကျောက်ဖြူ ဇိုင်ချောင်းရွာသားတွေကို တပ်မတော် ဖမ်းဆီးစစ်ဆေးနေ


2020.11.06

ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းရွာမှာ နိုဝင်ဘာလ ၂ ရက်နေ့ကတည်းက အရပ်သား ဒါဇင်နဲ့ချီပြီး တပ်မတော်က ဖမ်းပြီးစစ်နေပါတယ်။

တပ်မတော်သား နှစ်ယောက်ကို ဒေသခံတွေကဖမ်းပြီး AA အဖွဲ့ကို အပ်လိုက်တယ်ဆိုလို့ စစ်ဆေးနေတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

“ကျောက်ဖြူမှာ လွန်ခဲ့တဲ့ ၂ ရက်၊ ၃ ရက်လောက်တုန်းက ရေတပ်စခန်းက စစ်သည်တွေ လှည့်ကင်းဆောင်ရွက်တာရှိတယ်။ အဲမှာ ဇိုင်ချောင်းကျေးရွာပဲ ဖြစ်စဉ်သိရသလောက် အေအေက ဖမ်းတာ မဟုတ်ဘူး။ ရွာသားတွေက ဖမ်းပြီး အေအေလက်ထဲအပ်လိုက်တယ်လို့ သိရတယ်။ အဲဒါကြောင့် ပါဝင်ပတ်သက်တဲ့ ရွာသားတွေကို စစ်ဆေးနေတာရှိတယ်။ စစ်ဆေးတာက ဘယ်နှစ်ယောက်မှန်းတော့ မသိဘူး။”

သူတို့ကို ရွာစာသင်ကျောင်းထဲမှာ ထိန်းသိမ်းထားပြီး၊ စစ်ဆေးနေတာ ဒီနေ့ နိုဝင်ဘာလ ၆ ရက်ညနေထိ ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။ သူတို့ရွာသားတွေက တပ်မတော်သားတွေကိုဖမ်းပြီး AA လက်ထဲအပ်တယ်ဆိုတာမဟုတ်ဘူးလို့ ငြင်းဆိုကြပါတယ်။

အဖမ်းခံထားရတဲ့အထဲမှာ ကလေးနဲ့အမျိုးသမီးတွေပါပါပြီး၊ ခန့်မှန်းခြေအရ အယောက် ၆၀ ကနေ ၉၀ လောက်ရှိတယ်လို့ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်က RFA ကို ပြောပါတယ်။

“ကျနော် စုံစမ်းမိသလောက် သူတို့တွေကို ပြန်မလွှတ်သေးဘူး။၊ တချို့က ၆၀ တချို့က ၈၀ ၉၀ အထိ ပြောနေတယ်။ တိတိကျကျမသိရဘူး။ ကျနော်ကြားရသလောက် တပ်မတော်က အရာရှိ နှစ်ယောက်ကို အေအေက ဖမ်းသွားတယ်ပြောတယ်။ အဲဒါကြောင့်စစ်ဆေးနေတာလား ဘာတစ်ခုမှ မသိရဘူး။ ဖမ်းတာပဲသိရတယ်။”

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ AA ရက္ခိုင့်တပ်တော်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကတော့ ကျောက်ဖြူမြို့နယ်မှာ စစ်တပ်က ဖမ်းထားတာစုစုပေါင်း ၁၇၀ လောက်ရှိပြီး၊ ရွာသားတွေက တိုက်ပွဲကြောင့် မဟုတ်ဘဲ မြန်မာစစ်တပ်ကိုကြောက်လို့ ထွက်ပြေးနေရတယ်ဆိုတာ သိရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ တပ်မတော်သား နှစ်ယောက်ကို ရွာသားတွေကဖမ်းပြီး အေအေကိုပို့လိုက်တယ်ဆိုတဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းရဲ့ပြောဆိုချက်နဲ့ပတ်သက်လို့တော့ အဲဒီတပ်သားနှစ်ယောက် အကြောင်းကို သူတို့မသိသလို၊ အခုကာလမှာ တပ်မတော်သားတွေ ထွက်ပြေးတဲ့ဖြစ်ရပ်တွေ အတော် များများရှိနေပြီး၊ သူတို့တပ်သားတွေ ပျောက်တဲ့ကိစ္စအတွက် ရွာသားတွေကို နှိပ်စက်တာလို့ပြောပါတယ်။

ဒါပေမဲ့ ဇိုင်ချောင်းမှာ တပ်မတော်က ရွာထဲဝင်လာပြီး ပစ်ခတ်တဲ့အတွက်ကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သလို၊ ရိုက်နှက်စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ အဲဒီနေ့ကဖြစ်စဉ်နဲ့ပတ်သက်ပြီး အန္တရာယ်ကြောင့် အမည်မဖော်လိုတဲ့ ဇိုင်ချောင်းရွာခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

“ညနေ ၂ နာရီလောက်မှာ စဖြစ်တာ။ နိုဝင်ဘာ ၂ ရက်နေ့ကပါ။ ဘယ်လိုဖြစ်ကြတာလဲဆိုတော့ စစ်သားတွေက တိုက်ရိုက်ဝင်လာပါတယ်။ ဝင်လာတော့ ရွာကလူတွေကို ခေါ်ပါတယ်။ ခေါ်ပြီးတော့ စာသင်ကျောင်းထဲမှာ ရိုက်နှက်စစ်ဆေးပါတယ်။ ကျွန်မတို့ကလည်း အခြားနေရာမှာ တပ်မတော်က ရိုက်နှက်တဲ့ကိစ္စတွေကို ကြားသိနေရတော့ အခုလည်း ရွာမှာ စစ်သားတွေက ရိုက်နှက်တယ်ဆိုတာကို ကြားတာနဲ့ ချက်ချင်း ဟိုကတစ်ယောက် ဒီကတစ်ယောက် ထွက်ပြေးလာကြတာ။ ညနေ ၃ နာရီ ၄ နာရီခန့်လောက်မှာ သူတို့က သေနတ်နဲ့ပစ်ပါတယ်။ အဲလိုသေနတ်တွေပစ်တော့ ဒေါ်နုခင်ဆိုတဲ့ ရွာက အမျိုးသမီး တစ်ယောက် ကျည်ထိသွားပါတယ်။ သူကတော့ အခုဆေးရုံမှာရှိတယ်။”

ကျောက်ဖြူမြို့နယ်က ရွာတွေမှာအရင်က တပ်မတော်စစ်ကြောင်းတွေ ရွာတွေထဲဝင်တာမရှိခဲ့ပါဘူး။ ဒါပေမဲ့ ဇူလိုင်လမှာ တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခံရတဲ့နောက်ပိုင်း ရွာတွေကို စစ်ကြောင်းတွေ ဝင်လာကြတယ်လို့ အမည်မဖော်လိုတဲ့ ကျောက်ဖြူဒေသခံတစ်ယောက်က ပြောပါတယ်။

“ဇူလိုင်လမှာတစ်ခေါက်၊ ဇိုင်ချောင်းရွာနားမှာ မိုင်းကွဲပြီး တပ်ကလာတဲ့ကားကိုမိုင်းကွဲတာ။ အဲမှာ တပ်က အသေအပျောက်မရှိဘူး။ ဒါပေမဲ့ အဲနားမှာ လယ်ထွန်နေတဲ့သူတစ်ဦး သေသွားတယ်။ အဲဒါကို တပ်မတော်သတင်းမှန်ပြန်ကြားရေးက အေအေ အလောင်းတစ်လောင်းရတယ်လို့  ကြေညာတယ်။ အဲဒါအေအေက မဟုတ်ဘူး။ အဲနားလယ်ထွန်နေတဲ့သူ။ အဲနောက်ပိုင်းတပ်က ရွာတွေကိုဆင်းတယ်။ ဒီတစ်ခေါက် နဲနဲ ကြမ်းလာတယ်။ ဇိုင်ချောင်းမှာ အိမ် နှစ်လုံးကို မီးရှို့လိုက်တယ် နိုဝင်ဘာ ၂ ရက် နေ့ကပဲ။”

အိမ်ခြေ ၁၈၀ ကျော်ရှိတဲ့ ဇိုင်ချောင်းရွာမှာ လူဦးရေ ၇၀၀ ဝန်းကျင်လောက်နေကြပြီး၊ အခုလိုဖြစ်နေတဲ့အတွက် ရွာသား ၂၀၀ ဝန်းကျင်လောက် မြို့ပေါ်ကို ထွက်ပြေးသွားပါတယ်။ အဲဒီအပြင် အနီးအနား ရွာတွေဖြစ်တဲ့ သိုင်းချောင်း၊ ပြားကိန်၊ သပြုတောင်၊ ချောင်းဖျား စတဲ့ရွာတွေက လူတွေလဲ ဒီအခြေအနေကြောင့် ကျောက်ဖြူ မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဒါကြောင့် စုစုပေါင်း လူ ၄၀၀ လောက်ကျောက်ဖြူမြို့ကိုရောက်နေတယ်လို့ သိရပါတယ်။

ထွက်ပြေးလာသူတွေကို ဘုန်းကြီးကျောင်းတွေမှာထားပြီး ကူညီနေတယ်လို့ ကျောက်ဖြူလူငယ် ပရဟိတအဖွဲ့က ကိုထွန်းထွန်းနိုင်က ပြောပါတယ်။

“ဇိုင်ချောင်း ပြဿနာကြောင့်ရယ်၊ ရွာတွေကို တပ်မတော်က ဖြတ်တော့ စစ်ဆေးတာတွေကို ကြောက်ပြီး ထွက်ပြေးလာကြတာ။ ဘုန်းကြီးကျောင်း ၅ ကျောင်းရှိတယ်။ စားဝတ်နေရေးကတော့ ရပ်ကွက်တွေမှာ ထမင်းထုပ် လိုက်ကောက်တယ် အဝတ်အစား၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးကအစ လိုက်ကောက်ထားတာရှိပါတယ်။ ကျန်းမာရေးကတော့ ကျောက်ဖြူက ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ကလေးတွေ ကာကွယ်ဆေးထိုးဖို့ကအစ စီစဉ်ပေးနေပါတယ်။”

ရခိုင်ပြည်နယ် တောင်ပိုင်း ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွ စတဲ့မြို့နယ်တွေမှာ အေအေ အဖွဲ့တွေ စိမ့်ဝင်လှုပ်ရှားမှုတွေရှိနေပြီး တပ်မတော်က လုံခြုံရေးအတွက် ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် ၁၀ မြို့နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းနှစ်သောင်း ခြောက်ထောင်ကျော်အထိရှိနေပြီလို့ ရခိုင်တိုင်းရင်း သားမျိုးနွယ်များအစည်းအရုံး REC ထုတ်ပြန်ထားပါတယ်။

RFA က ကောက်ယူထားတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေစတင်ဖြစ်ပွားတဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့အထိ သေဆုံးတဲ့အရပ်သားအနည်းဆုံး ၃၀၄ ဦး ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့သူက ၆၈၆ ဦး ရှိနေပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စာရင်းတွေအရတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့အထိ စခန်းတွေမှာရော စခန်းအပြင်မှာပါ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ၇၆၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။