စဉ့်ကိုင်၊ ပုသိမ်ကြီးမှာ တပ်နဲ့ ဒေသခံတွေ မြေယာအငြင်းပွား
2020.11.27
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်က အရှေ့ရွာသစ်ကျေးရွာနဲ့ ပုသိမ်ကြီးမြို့နယ် ကျွဲနဖားကျေးရွာတွေက မြေယာတွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်သားတွေက ဝင်ရောက် ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
မနေ့က ကျူးကျော်တွေဆိုပြီး တပ်ဘက်က ဝင်ဖျက်ရာမှာ တောင်သူတွေစိုက်ထားတဲ့ သီးနှံခင်းတွေ ပါသွားတယ်လို့ စဉ့်ကိုင်မြို့နယ်၊ ရွာသစ်ကျေးရွာက တောင်သူ ဦးစိုးလွင်က ပြောပါတယ်။
“၁၉၈၅ လောက်မှာ တိမွေးကုအတွက်ဆိုပြီး မြေသိမ်းတယ်။ ၁၉၉၃ မှာကျ တပ်ကို လွှဲပေးတယ်။ ဘက်စုံခြံ ဆိုပြီး တပ်က လုပ်နေတာ။ ၂၀၁၄ မှာ ကျေးရွာသားတွေ ပြန်စိုက်လို့ရတယ်ဆိုလို့ ပြန်ဝင်စိုက်ကြတယ်။ အခု ၂၀၂၀ မှာတော့ ကျူးဆိုပြီး မနက်အစောကြီးမှာ လာပြီး ရှင်းသွားတယ်။ သူတို့ သံဆူးကြိုးခတ်လိုက်တဲ့ အထဲမှာ စိုက်ထားဆဲဖြစ်တဲ့ သီးနှံတွေရှိတယ်။ ကိုဗစ်ကာလမှာဖြစ်လို့ တောင်သူ အရမ်းခက်ခဲတဲ့ အခြေအနေနဲ့ တွေ့ကြုံနေရတယ်”
ရွာသစ်ကျေးရွာက မြေဧက ၁၂၇၆ ဧကမှာ လပခ (၃၀၂၆) လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ တောင်သူ ၅၀ ကျော်ခန့် မြေယာပိုင်ဆိုင်မှု အငြင်းပွားနေကြတာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ စဉ့်ကိုင်နဲ့ မိုင် ၂ဝ ဝန်းကျင်ဝေးတဲ့ ပုသိမ်ကြီးမြို့နယ်မှာလည်း အလားတူ ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။
တပ်မတော် အမှတ် (၁၂၁) ထောက်ပံ့၊ ပို့ဆောင်ရေးတပ်ရင်းနဲ့ မြေယာအငြင်းပွားမှုဖြစ်နေတဲ့ ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားကျေးရွာက မြေဧက ၇၀၀ ကို တပ်မတော်က နိုဝင်ဘလ ၂၆ ရက်နေ့ မနက် ၅ နာရီခွဲခန့်မှာ လာရောက် ရှင်းလင်းခဲ့ပြီး နေအိမ်တချို့ ဖျက်သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်မတော်ဘက်ကို ပြန်လည်တရားစွဲဆိုသွားမယ်လို့ ကျွဲနဖားကျေးရွာက တောင်သူ ဒေါ်ခင်မာအေး က ပြောပါတယ်။
“သိမ်းတာက ကွင်းလည်းမှားနေတယ်။ မြေပုံမှာလည်း မှားနေတယ်။ ၂၆ ရက်နေ့ နောက်ဆုံးထားထွက်ပေးဖို့ ကို စာပေးတာက ၂၅ ရက်နေ့မှ ရောက်တယ်။ ဒီမနက်မှာတော့ အင်အားသုံးဖျက်ကြလို့ ရွာကသူတွေ ထွက်ပြေး ကြရတယ်။ ဒါကိုလည်း ကျမတို့က တပ်ရင်းမှူးကို ပြန်လည်တရားစွဲဆိုဖို့ လုပ်သွားမှာပါ”
ဒီကနေ့လည်း ကျွဲနဖားကျေးရွာက အငြင်းပွားမြေတွေမှာ တပ်မတော်က ခြံစည်းရိုးကာနေတဲ့အတွက် ရွာသားတွေ နဲ့ ပဋိပက္ခ ဆက်ဖြစ်နေပါတယ်။
၁၉၉၀ ကျော်ကတည်းက တပ်မတော်က ရေအားလျှပ်စစ်စီမံကိန်း၊ ဘိလပ်မြေစက်ရုံအတွက် မြေဧက ၁၇၀၀ ကျော် သိမ်းဆည်းခဲ့တာရှိခဲ့ပြီး ၂၀၁၀ လောက်မှာ ကျူးကျော်နေထိုင်သူတွေရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တပ်ဘက်က လယ်ယာမြေတွေကို ပြန်လည်စွန့်လွတ်နေတာတွေရှိလို့ ဥပဒေအရ ဆောင်ရွက်ဖို့ သူက တိုက်တွန်း ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကလည်း ပုသိမ်ကြီးမြို့နယ်၊ ကျွဲနဖားကျေးရွာက သိမ်းဆည်းမြေတွေမှာ ခြံစည်းရိုး ကာရံနေစဉ် တောင်သူတွေက နှောင့်ယှက်တာ၊ ခြံစည်းရိုးတိုင်တချို့ကို နုတ်ပစ်တာတွေအတွက် တပ်ဘက်က တရားလိုလုပ်ပြီး က တောင်သူ ၁၀ ယောက်ကို အမှုဖွင့်ထားပါတယ်။ ဒီအမှုကို ပြင်ဦးလွင် မြို့နယ်တရားရုံမှာ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။