တပ်ကဖမ်းထားတဲ့ ရမ်းဗြဲဒေသခံ အချုပ်ခန်းအတွင်း သေဆုံး
2020.07.15
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာကနေ တပ်မတော် ဖမ်းဆီးသွားတဲ့ ဒေသခံ ၆ ယောက်ထဲက တစ်ယောက်ဟာ ထိန်းသိမ်းစစ်ဆေးခံနေရစဉ်အတွင်း သေဆုံးသွားပါတယ်။
ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် သတ်သေသွားတာလို့ တပ်မတော်က သတင်းထုတ်ပြန်ပေမယ့် မိသားစုဝင်တွေက ဒီထုတ်ပြန်ချက်ကို လက်မခံကြပါဘူး။
ရမ်းဗြဲမြို့နယ် အလယ်ချောင်းကျေးရွာက အသက် ၃၇ နှစ်အရွယ် ဦးစိုးမြင့်ထွန်း အပါအဝင် ခြောက်ယောက်ဟာ ရက္ခိုင့်တပ်တော် AA နဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့ သံသယနဲ့ ခလရ ၃၄ တပ်ရင်းနဲ့ ခလရ ၃၅ တပ်ရင်းတို့က ဇူလိုင် ၁၁ ရက်နေ့မနက်က နေအိမ်တွေထဲ ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အဲဒီလိုဖမ်းဆီးသွားပြီး ၃ ရက်အကြာ ဇူလိုင် ၁၄ ရက် မနေ့ကတော့ ဦးစိုးမြင့်ထွန်း သေဆုံးသွားတဲ့အကြောင်း မိသားစုကို အကြောင်းကြားလာတယ်လို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ မောင်ကျော်လှိုင်က ပြောပါတယ်။
“မအီရဲစခန်းကနေ ရမ်းဗြဲရဲစခန်းကို အဆက်အသွယ် လုပ်လာပြီး ကျနော်တို့လူ စောမြင့်ထွန်း ဆုံးသွားပြီဆိုပြီး သတင်းရောက်လာတယ်၊ သူတို့ ၆ ယောက်ရဲ့ မိသားစုဝင်တွေ အကုန်လိုက်လာခဲ့ပါဆိုပြီး ကျန်တဲ့လူတွေလည်း တွေ့ရမယ်ဆိုပြီး ကျနော်တို့ လိုက်သွားတယ်၊ လိုက်သွားပြီး ရဲစခန်းကိုဝင်တော့ အလောင်းက ဆေးရုံရောက် နေပြီ၊ ကျနော်တို့ နီးစပ်တဲ့နေရာက နာရေးကား အကူအညီတောင်းပြီး ပြန်သယ်လာပါတယ်”
အလယ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ရွှေက ဦးစိုးမြင့်ထွန်းဟာ ကြိုးဆွဲချပြီး သတ်သေတာလို့ ရဲစခန်းက အကြောင်းကြားတဲ့အကြောင်း ပြောပါတယ်။
“နေလယ်တစ်နာရီလောက်က ဦးစိုးမြင့်ထွန်း သေတယ်လို ရမ်းဗြဲရဲစခန်းမှူးက အကြောင်းကြားလာလို့ အလောင်းကို မအီကနေ သယ်လာပါတယ်၊ သူတို့ကတော့ ဆွဲကြိုးချသေတယ်လို့ ပြောပါတယ်”
ရမ်းဗြဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးဇော်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ ရမ်းဗြဲ ရဲစခန်းမှာဖြစ်တာ မဟုတ်ကြောင်း၊ တောင်ကုတ်ဘက်မှာ စစ်ဆေးနေရင်းကနေ သေဆုံးသွားတယ်လို့ သိရတဲ့အကြောင်း ပြန်လည်ဖြေဆိုပါတယ်။
သေဆုံးသူ ဦးစိုးမြင့်ထွန်းနဲ့ တရက်တည်း အဖမ်းခံရတဲ့ အသက် ၂၀ အရွယ် မောင်ချမ်းငြိမ်း ၊ ၄၄ နှစ်အရွယ် ဦးမောင်ထွန်းဝင်း၊ ၃၅ နှစ်အရွယ် ဦးဇော်လွင်၊ ၃၇ နှစ်အရွယ် ဦးမောင်မြင့်ထွန်းနဲ့ ၂၅ နှစ်အရွယ် ကိုမြင့်ဝင်းတို့ဟာ အခုတော့ မအီမြို့မရဲစခန်းမှာ ထိန်းသိမ်းခံနေရပါတယ်။
တပ်မတော်ဘက်ကတော့ သူတို့ ၆ ဦးဟာ AA အဖွဲ့ အမာခံတွေဖြစ်တာကြောင့် ဖမ်းဆီးထိန်းသိမ်းပြီး မအီရဲစခန်း သီးသန့်အဆောင်မှာ တစ်ယောက်စီထားကာ စစ်ဆေးနေကြောင်းနဲ့ ဦးစိုးမြင့်ထွန်းဟာ ဇူလိုင် ၁၃ရက် ညနေမှာ သူ့ကိုချည်ထားတဲ့ ကြိုးကိုဖြည်ပြီး ကြိုးဆွဲချ သေဆုံးသွားကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
သူ့မိသားစုကတော့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို လက်မခံကြပါဘူး။ ညှဉ်းပန်းနှိပ်စက်ခံရလို့ သေဆုံးတာဖြစ် မယ်လို့ ယူဆကြောင်း မိသားစုဝင်တစ်ဦးဖြစ်တဲ့ မောင်ကျော်လှိုင်က ပြောပါတယ်။
“ကျနော်တွေ့ရတာကတော့ ကြိုးနဲ့တုတ်ပြီးမှ မသေမချင်း ရိုက်နက်တဲ့ပုံတွေ့ရပါတယ်၊ ခေါင်းတွေညိုလ့ို၊ မျက်နှာတွေ ပေါက်ပြဲညိုမဲနေတာ တွေ့ရပါတယ်၊ ဆွဲကြိုးချသေတယ်ဆိုတာ ဘယ်လို့မှ မဖြစ်နိုင်ပါဘူး၊ သူတို့ရိုက်နှက်ရင်း လက်လွန်သွားတာဖြစ်မှာပါ”
ရုပ်အလောင်းကို မြင်တွေ့ခဲ့ရတဲ့ မိသားစုဝင်တွေ၊ ဒေသခံတွေက ဦးစိုးမြင့်ထွန်းရဲ့ခန္ဓာကိုယ်မှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်လို့ ပြောပါတယ်။
၂၀၁၈ ခုနှစ်ကုန်လောက်က စတင်ခဲ့တဲ့ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေအကြား သေဆုံးတဲ့ အရပ်သား ၁၉၄ ယောက်ရှိပြီး အဲဒီထဲက ၂၀ ရာခိုင်နှုန်းဟာ တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းရပြီးနောက် သေဆုံးသွားသူတွေဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC က ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
“သေဆုံးခဲ့တဲ့သူတွေရဲ့ ၂၀ ရာခိုင်နှုန်း ဝန်းကျင်လောက်က တပ်ထဲမှာစစ်ဆေးခံရစဉ်မှာ ဒဏ်ရာတွေရရှိခဲ့တယ်၊ ဒဏ်ရာရတာတွေ တွေ့ရတယ်၊ အဲဒါကြောင့် သေဆုံးတဲ့ဟာတွေမှာ တပ်ဘက်က စစ်ဆေးတာတွေနဲ့ ဆက်စပ်တာ တွေ့ရတယ်”
ဒီစာရင်းဟာ REC က လက်လှမ်းမီသလောက် ပြုစုထားတဲ့စာရင်းတွေသာဖြစ်ပြီး ဖြစ်စဉ်တွေဟာ ဒီကိန်းဂဏန်း အရေအတွက်ထက် များနိုင်တယ်လို့လည်း REC က ခန့်မှန်းထားပါတယ်။ ဒီစာရင်းထဲမှာ ချင်းပြည်နယ် ပလက်ဝဒေသက အချက်အလက် မပါဝင်သလို တိုက်ပွဲနဲ့ဆက်စပ်မှုမရှိတဲ့ အခြေအနေနဲ့ မသေချာတဲ့ ဖြစ်ရပ်တွေ မပါဝင်ဘူးလို့ ဦးဇော်ဇော်ထွန်းက ဆိုပါတယ်။
ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံနေရစဉ် သေဆုံးမှုတွေ များလာပြီး ဒီအခြေအနေတွေဟာ မသင်္ကာစရာဖြစ်လာ တာကြောင့် စုံစမ်းစစ်ဆေးသင့်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ထောက်ပြကြပါတယ်။
“ဒါမျိုးသေဆုံးမှုတွေဖြစ်လာရင် ဒါကိုအတိအကျ စုံစမ်းစစ်ဆေးနိုင်မယ့် အရာတွေရှိဖို့ လိုအပ်တယ်၊ အဲဒီစုံစမ်းစစ်ဆေးတဲ့ နေရာမှာလည်း စုံစမ်းစစ်ဆေးတဲ့လူက လွတ်လွတ်လပ်လပ် စုံစမ်းနိုင်တာရယ်၊ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါဝင်ကူညီမှုတွေဖြစ်မှ စုံစမ်းစစ်ဆေးမှုလည်း အောင်မြင်မှာပါ၊ နောက်ဆုံး အရေးကြီးတာက စုံစမ်းစစ်ဆေးပြီး တွေ့ရှိလာတဲ့အချက်တွေကြရင် တိကျတဲ့ အရေးယူတဲ့အပိုင်းတွေ ခုချိန်ထိ အားနည်းနေတုန်းပါပဲ၊ အဲဒီလိုအားနည်းတာကြောင်မို့လို့ ကျူးလွန်တဲ့သူတွေကလည်း ပိုပြီးလက်ရဲဇက်ရဲနဲ့ ကျူးလွန်တာ၊ ပိုပိုပြီးတော့ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ ဒါမျိုးကိစ္စတွေ ပိုဖြစ်လာတယ်လို့ ယူဆပါတယ်”
ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး ပညာပေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ပြောသွားတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ ဦးစိုးမြင့်ထွန်း ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးပြီးရင် အဖြေမှန် ပေါ်လာမှာဖြစ်ကြောင်း၊ တပ်ဘက်ကတော့ သတင်းထုတ်ပြန်ထားတဲ့အတိုင်းသာ တုံ့ပြန်ပြောလိုကြောင်း ဖြေပါတယ်။
ဦးစိုးမြင့်ထွန်းဟာ ဖမ်းဆီးစစ်ဆေးခံနေရစဉ် သေဆုံးသွားတာကြောင့် သူနဲ့အတူ ဖမ်းခံထားရသူတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ပြည်သူတွေဟာ ဘယ်သူမဆို ဥပဒေရဲ့ အကာအကွယ်ကိုရသင့်ပြီး ဒီလိုသေဆုံးမှုတွေအတွက် ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးသင့်တယ်လို့ ထောက်ပြပါတယ်။
“သေဆုံးသွားတဲ့အပေါ် ကျမအနေနဲ့ အင်မတန် စိတ်မကောင်းဖြစ်မိသလို ဒါဟာတရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်ခြင်းပဲဖြစ်ပါတယ်၊ ဒါက ကျမ မြို့နယ်တခုတည်းမှာရှိတာ မဟုတ်ပါဘူး၊ ကျန်တဲ့တိုက်ပွဲဖြစ်တဲ့ နေရာတွေက လူငယ်တွေကို သံသယနဲ့ဖမ်းဆီးတယ်၊ ရိုက်နှက်ခံပြီးတော့ လက်လွန်ခြေလွန်ဖြစ်သွားတယ်၊ ဒီအပေါ်မှာ သက်ဆိုင်ရာအဖွဲ့အစည်းက ဒါမှမဟုတ် သက်ဆိုင်ရာ ဆောင်ရွက်တဲ့လူက တာဝန်ယူရမှာဖြစ် ပါတယ်၊ ကျမအနေနဲ့ကတော့ ကျမပြည်သူတွေကို ဥပဒေလမ်းကြောင်းအရ အကာအကွယ်ရအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”
လတ်တလော ရခိုင်ပြည်နယ်မှာ တပ်မတော်က ကျေးရွာတွေထဲ ဝင်ရောက်စစ်ဆေးပြီး သံသယနဲ့ အရပ်သား တွေကို ဖမ်းဆီးမှုတွေ စိပ်လာပြီး ဖုန်းတွေထဲမှာ ရခိုင်အမျိုးသားရေးသီချင်းတွေ၊ AA အဖွဲ့ ရုပ်ပုံပါ သီချင်းတွေ တွေ့ရှိရုံနဲ့တင် ဖမ်းဆီးစစ်ဆေးတာတွေရှိတယ်လို့ အရပ်ဖက်အဖွဲ့တွေ၊ ဒေသခံတွေက ပြောပါတယ်။
အခုဆိုရင် သံသယနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့အမှု ၉၅ မှုရှိပြီး အရပ်သား ၃၀၈ ယောက် အမှုရင်ဆိုင်နေ ရတယ်လို့ စစ်တမ်းကောက်ယူနေတဲ့ သဇင်ဥပဒေအထောက်အကူပြု အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ AA ကို ဆက်သွယ်ထားတာ၊ တပ်ရဲ့ လှုပ်ရှားမှုတွေကို သတင်းပို့တာတွေ စတဲ့တရားစွဲနိုင်ဖို့ လုံလောက်တဲ့ အချက်အလက်တွေကို စစ်ဆေးပေါ်ပေါက်လို့မို့ ဖမ်းဆီးစစ်ဆေး တရားစွဲဆို တာသာဖြစ်ကြောင်း၊ ရခိုင်အမျိုးသားရေး သီချင်းတွေ စစ်ဆေးတွေ့ရှိရုံလောက်နဲ့ ဖမ်းဆီးမှုတွေ မလုပ်ကြောင်း၊ မသင်္ကာလို့ တပ်က ဖမ်းဆီးထိန်းသိမ်း စစ်ဆေးနေတဲ့အကြောင်းနဲ့ ဘယ်နေရာတွေမှာ ထိန်းသိမ်းထားတယ်ဆိုတာ အပြင် ဘာတွေစစ်ဆေးပေါ်ပေါက်တယ် ဆိုတာကိုလည်း ပုံမှန်သတင်းထုတ်ပြန်ပေးနေကြောင်း တုံ့ပြန်ပါတယ်။ တပ်မတော်က ဖမ်းဆီးတရားစွဲဆိုထားတဲ့ အမှုအရေအတွက်ကိုတော့ သူ့အနေနဲ့ အတိအကျဖြေဖို့ အဆင်သင့် မဖြစ်သေးကြောင်း ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း အရပ်သား ဖမ်းဆီးထိန်းသိမ်းခံရတာတွေ၊ အရပ်သား သေဆုံးတာတွေ များလာတဲ့အတွက် ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြရပြီး ဒီလိုလုပ်ရပ်တွေကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကန့်ကွက်ရှုတ်ချနေကြပါတယ်။