မြောက်ဦးမြို့နယ်မှာတိုက်ပွဲဖြစ် ရွာသားနှစ်ဦးကို တပ်မတော်ဖမ်းဆီး


2019.05.23
waytharli-village-622.JPG ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ဝေသာလီရွာနေရာပြမြေပုံ
Photo: Google Map

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာအနီးမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ မနေ့က တိုက်ပွဲဖြစ်ပွား ခဲ့ပြီးနောက် ဝေသာလီကျေးရွာသားနှစ်ဦးကို တပ်မတော်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောက်ဘက်ပိုင်းမှာရှိတဲ့ ဝေသာလီကျေးရွာအနီးမှာ မနေ့က မနက်ပိုင်းမှာ တပ်မတော်နဲ့ အေအေ အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

မြောက်ဦးဘက်ကနေ လယ်ကွင်းတွေထဲကနေ ဖြတ်လျှောက်လာတဲ့ တပ်မတော်စစ်ကြောင်းကို အေအေအဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှု မိနစ် နှစ်ဆယ်ကျော်ကြာဖြစ်ပွားခဲ့ပြီးနောက် ဝေသာလီကျေးရွာသား ၄ ဦးကို အဲဒီတပ်မတော်စစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ရွာသားတွေကပြောပါတယ်။

အဲဒီအထဲက ရွာသားနှစ်ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်ပြီး ကျန်နှစ်ဦးကိုတော့ ဒီနေ့မနက်က မြောက်ဦးမြို့ ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ကျေးရွာထဲက ကျော်လှသိန်းနဲ့ ဇော်ဝင်းဦးတို့နှစ်ယောက်ကို သူတို့က ခေါ်သွားတယ်။ နောက်ပြီး ဝေသာလီက လက္ကာရွာကိုသွားတဲ့လမ်းက သုဿာန်မှာ နှစ်ယောက်တွေ့တယ်။ တွေ့တာက စိုးစိုးအောင်နဲ့ လုံးယေကိုတွေ့တယ်။ ပေါင်းလိုက်ရင် လေးယောက်ဖြစ်သွားတယ်။ တောင်နားကနေကပ်ပြီးတော့ လက္ကာကိုသွားတယ်။ အဲဒီကနေ ဝေသာလီဘုရားကြီးကိုပြန်လာတယ်။ ဘုရားကိုပြန်ရောက်တာနဲ့ ကျော်လှသိန်းနဲ့ ဇော်ဝင်းဦးကို ပြန်လွှတ်လိုက်တယ်။ စိုးစိုးအောင်နဲ့ လုံးယေကိုကျတော့ ဘုရားမှာ ကြိုးနဲ့ချည်နှောင်ထားတယ်”

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဝေသာလီရွာသားနှစ်ဦးဖြစ်သူ ကိုစိုးစိုးအောင်နဲ့ ကိုလုံးယေ တို့ဟာ မနေ့က တိုက်ပွဲဖြစ်ပွားချိန် လက်နက်ကျည်ထိမှန်မှာကိုစိုးရိမ်လို့ ကျေးရွာသုဿာန်အနီးမှာ ပုန်းအောင်းနေခဲ့ကြရာကနေ ဖမ်းဆီးခံရတာလို့ အဲဒီရွာသားကပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ လူနှစ်ဦးကို ထိန်းသိမ်းစစ်ဆေး နေတယ်ဆိုတာမှန်ကန်ပြီး အေအေအဖွဲ့နဲ့ပတ်သက်မှုမရှိရင် ပြန်လွှတ်ပေးမယ်လို့ ပြောပါတယ်။

“မနေ့က ဝေသာလီမှာ လမ်းလုံခြုံရေးလုပ်တဲ့လုံခြုံရေးအဖွဲ့တွေနဲ့ အေအေနဲ့ အဲဒီဝေသာလီရဲ့မြောက်ဘက် ကပ်လျက်ပါပဲ၊ ထိတွေ့မှုဖြစ်တာ မိနစ်နှစ်ဆယ် အစိတ်လောက်ကြာပါတယ်။ မသင်္ကာလို့ဆိုပြီးတော့မှ တိုက်ပွဲဖြစ်ပွားတဲ့နေရာကနေထွက်ပြီးတော့ ကျွန်တော်တို့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့သွားတွေ့လို့ သံသယရှိတဲ့လူနှစ်ဦးကို ခေတ္တခဏခေါ်ပြီးတော့ မေးနေတာတော့ရှိတယ်။ ဘာမှ အေအေနဲ့ ပါဝင်ပတ်သက်မှုမရှိဘူး ဘာညာဆိုလို့ရှိရင် ကျွန်တော်တို့က ပြန်လွှတ်မှာပဲ။ ပတ်သက်မှုရှိတယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့က ဥပဒေလမ်းကြောင်းအတိုင်းပဲပေါ့နော် တရားလမ်းကြောင်းအတိုင်းပဲ ဆက်ဆောင်ရွက်ခိုင်းမှာပေါ့။ အဲဒီအနေအထားလေးပဲရှိတယ်”

မနေ့ကဖမ်းဆီးခံရတဲ့ မိသားစုဝင်တွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

မနေ့ကတိုက်ပွဲအတွင်း တပ်မတော်ဘက်က ထိခိုက်ကျဆုံးတာ ၂၀ ဦးလောက်ရှိတယ်လို့ ဒေသခံတွေ အကြားမှာပြောဆိုနေကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကတော့ ထိခိုက်ကျဆုံးတာမရှိဘူးလို့ ပြောပါတယ်။

အေအေ ဘက်က ထိခိုက်ကျဆုံးတာရှိသလားလို့ RFA ကိုမေးမြန်းရာမှာတော့ တိတိကျကျစာရင်းရထားတာ မရှိပေမယ့် အေအေ ဘက်က ထိခိုက်မှုတွေရှိတယ်ဆိုတဲ့ သတင်းကိုကြားရတယ်လို့ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ ခရီးလွန်နေတဲ့အတွက် လတ်တလောဖြေကြားဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

အခုရက်ပိုင်းတွေအတွင်း မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ ကားလမ်းမတွေအနီးမှာ နှစ်ဘက်တိုက်ပွဲတွေ ဟာ နေ့စဉ်လိုလိုဖြစ်ပွားနေသလို မြောက်ဦးမြို့နယ်အတွင်းက ကျေးရွာအချို့ကို တပ်မတော်နဲ့ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးတာတွေရှိနေတဲ့အတွက် ဒေသခံတွေအကြားမှာ စိုးရိမ်မှုတွေရှိနေကြပါတယ်။

ဒါ့အပြင် မြောက်ဦး၊ ကျောက်တော် မြို့နယ်နှစ်ခုကြားမှာ တပ်မတော်စစ်ကြောင်းတွေ၊ ယာဉ်တန်းတွေဟာ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရတာကိုတွေ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်က အရင်ကထက် အင်အားတိုးမြှင့်ဆောင်ရွက်တာရှိသလားလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို RFA ကမေးမြန်းရာမှာ အခုလိုပြောပါတယ်။

“ကျွန်တော်တို့က ဒီမြောက်ဦးနဲ့ ဥပမာ- ကျောက်တော်ကြားဆိုလို့ရှိရင် ကျွန်တော်တို့က လမ်းကြောင်းလုံခြုံရေးသွားတယ်။ လမ်းကြောင်းလုံခြုံရေးသွားတဲ့အချိန်မှာ ဒီအေအေသောင်းကျန်းသူတွေဟာ ရွာသားတွေကို ဘာမှပစ်မှတ်ထားတာမဟုတ်ဘူး ကျွန်တော်တို့တပ်တွေသွားတဲ့အခါတိုင်း မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ချောင်းမြောင်းပစ်ခတ်တာတွေရှိတယ်။ ကျွန်တော်တို့တပ်တွေ မသွားဘူးဆိုရင် အဲဒီလမ်းကြီးဟာဘာမှမဖြစ်ဘူး။ အဓိကက သူတို့က ရွာနားကနေပြီး ချောင်းမြောင်းပစ်တာတွေရှိတယ်။ ကျွန်တော်တို့တပ်တွေလာတဲ့အခါမှာ ရွာအဝင်အထွက်တွေမှာ ပစ်တာရှိတယ်။ ဒီလိုဟာမျိုးတွေမှာ ချောင်းမြောင်းပစ်ခတ်တာပဲရှိတယ် အေအေက”

တပ်မတော်နဲ့ အေအေ အဖွဲ့တို့ရဲ့ နှစ်ဘက်တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကနေ ဒီနေ့အထိ တိုက်ပွဲပေါင်း အနည်းဆုံး ၁၇၀ ကျော်ရှိနေပြီလို့သိရပြီး အကျအဆုံးကိုတော့ နှစ်ဘက်စလုံးက ထုတ်ဖော်ပြောဆိုခြင်းမရှိကြသေးပါဘူး။

တိုက်ပွဲကာလအတွင်း သေဆုံးတဲ့ အရပ်သား ၄၀ နီးပါးအထိရှိပြီး ဒဏ်ရာရပြီး ဆေးရုံတက်ကုသခဲ့ရသူတွေကတော့ ၇၀ ဝန်းကျင်လောက်ရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင် အစရှိတဲ့ မြို့နယ်တွေမှာ အေအေအဖွဲ့နဲ့ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားရုံးမှာ တရားစွဲဆိုထားသူဦးရေဟာ ၃၀ ကျော်ရှိနေပြီလို့သိရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။