ဝမ်ဟိုင်းဌာနချုပ် တပ်စခန်း ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်


2015.11.10
sspp-ssa-620.jpg SSPP/SSA ရှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

SSPP/SSA ရှမ်းပြည်တပ်မတော်အဖွ့ဲရဲ့ ဌာနချုပ်တည်ရှိရာ ဝမ်ဟိုင်းတပ်စခန်းကို အစိုးရတပ်မတော် က လေကြောင်းကနေတစ်ဆင့် ဒီကနေ့မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ SSPP/SSA အဖွဲ့က ပြောပါတယ်။

တိုက်လေယာဉ်တစ်စီးနဲ့ ရဟတ်ယာဉ်တစ်စီးတို့က လာရောက်ဗုံးကြဲတာဖြစ်တယ်လို့ SSPP/SSA ရဲ့ ပြောခွင့်ရ သူ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

"၁ဝ နာရီ ၁၅ လောက်မှာ တိုက်လေယာဉ် ၁ စီးနဲ့ တိုက်ရဟတ်ယာဉ် ၁ စီးတို့ပေါ့ ၂ စီး လာပြီးတော့ ဗုံးလာကြဲတာပေါ့နော်၊ ဝမ်ဟိုင်းပတ်ပတ်လည်မှာရှိတဲ့ တောင်ကုန်း တောင်ကြားတွေရော၊ နောက် ရွာထဲပါကျတယ်၊ အဲ့ဒီ တိုက်ရဟတ်ယာဉ်က ဘုန်ကြီးကျောင်းနား ပစ်မှတ်ထားပြီးတော့ကို စက်သေနက်တွေ နဲ့ လှမ်းပစ်တယ်လေ၊ နောက် ဗုံးလည်းကြဲတယ်၊ အဲ့ဒီ ဘုန်းကြီးကျောင်းမှာ ၄ လုံးလောက် ကျခဲ့တာပေါ့နော်"

အဲ့ဒီလို ဗုံးကြဲတိုက်ခိုက်ရာမှာ ဝမ်ဟိုင်းရွာထဲက ဘုန်းကြီးကျောင်းပေါ် ဗုံးကျခဲ့တဲ့အတွက် ဆွမ်းစားဆောင် တစ်ဆောင်ပျက်စီးခဲ့ပြီး လူတွေတော့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူးလို့ ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း ဝမ်ဟိုင်းဌာနချုပ်နဲ့ ၄ မိုင်လောက်အကွာမှာ မြေပြင်တိုက်ပွဲတွေဆက်လက် ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာဟာ ပြီးခဲ့တဲ့ အောက်တိုဘာ လ ၆ ရက်နေ့ကတည်းက ဖြစ်ပွားနေတာပါ။ အနီးနားက ဒေသခံ ၆ ထောင်ကျော်လောက်ဟာလည်း စစ်ဘေးဒုက္ခသည်တွေအဖြစ် ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။

အခုလိုရှမ်းပြည်နယ်ထဲမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ပေးဖို့အတွက် ရှမ်းပြည်တောင်ပိုင်း လူငယ်ကွန်ရက် အဖွဲ့က ဦးဆောင်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေက ပြည်သူတွေဆီကနေ လက်မှတ်တွေ လိုက်လံကောက်ယူနေပါတယ်။ ရရှိလာမယ့်လက်မှတ်တွေကို အစိုးရအဖွဲ့၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေထံ တင်ပြမယ်လို့ သိရပါတယ်။

SSPP/SSA ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစိုင်းလ ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။