ကနီမြို့နယ်ထဲကရွာတွေထဲ စစ်သင်္ဘောတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်

2021.12.18
ကနီမြို့နယ်ထဲကရွာတွေထဲ စစ်သင်္ဘောတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် ၂၀၂၁ ဒီဇင်ဘာ ၁၂ ရက်နေ့က ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ထိတွေ့ခဲ့တဲ့ စစ်ကောင်စီ ရေယာဉ်တွေကို တွေ့ရစဉ်
Photo: PDF - KLG

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီဇင်ဘာ ၁၇ ရက် မနေ့ညနေပိုင်းကစလို့ ချင်းတွင်းမြစ်ထဲက စစ်ရေယာဉ် အုပ်စုကနေ ကမ်းပေါ်ကရွာတွေဆီ လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ရွာပေါင်းခုနစ်ရွာက ဒေသခံ ငါးထောင် ဝန်းကျင်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ညနေ ၅ နာရီခွဲလောက်မှာ လက်နက်ကြီးပါတဲ့ သင်္ဘောနှစ်စင်းနဲ့အတူ စစ်ရေယာဉ်အုပ်စုက အိုင်တောင် ရွာအနီးမှာ စခန်းချထားပြီး အနီးပတ်ဝန်းကျင်ကရွာတွေဆီ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ဒေသခံ တစ်ဦး က RFA ကို ပြောပါတယ်။

"ချင်းတွင်းမြစ်ကြောင်းအတွင်း စုန်လာတဲ့ ကျောက်စိမ်းတင်တဲ့ ရေယာဉ်အုပ်စုက ညအိပ်ရပ်နားတဲ့ တစ်ဘက်ကမ်းမှာရှိနေတဲ့ အိုင်တောင်ရွာကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တယ်ပေါ့နော်။ ပစ်ခတ်တော့ နေအိမ် မီးလောင်ကျွမ်းမှု ဖြစ်သွားတာပေါ့။ စစ်ကြောင်းပါ မနက်ခင်းပိုင်းမှာ ထိုးလာတယ်။ စစ်ဘေးရှောင် ဦးရေကလည်း အတော်လေး များပြားတယ်"

အိုင်တောင်ရွာထဲက အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရပြီး အိုင်နောင်ကျေး ရွာအုပ်စု၊ သပြေတော အစရှိတဲ့ ရွာပေါင်းခုနှစ်ရွာက ဒေသခံငါးထောင်တို့ ဘေးလွတ်ရာ တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

ဒီမနက်လည်း စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်နေလို့ ရွာသားတွေ နေရပ်မပြန်နိုင်ကြသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ကလည်း စစ်ကိုင်းတိုင်းအထက်ပိုင်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆင်းလာတဲ့ စစ်ကောင်စီပိုင် ကျောက်စိမ်းတင်ရေယာဉ်နဲ့ ကနီမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။