တပ်စွန့်လွှတ်မြေဧက ၂၆၀၀ ကို တောင်သူတွေဆီ ပြန်ပေးမည်


2017.10.16
army-land-622.jpg တပ်ပိုင်မြေ ဆိုင်းပုဒ်ထောင်ထားပြီး ခြံခတ်ထားတဲ့ နေရာတစ်ခုကို တွေ့ရစဉ်
Photo: RFA

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေဧက ၈ ထောင်ကျော်ထဲက ပြန်လည်စွန့်လွှတ်ထားတဲ့ ဧက ၂၆၀၀ ကို မူလတောင်သူတွေထံ ပြန်လည်ပေးအပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လယ်ယာမြေများပြန်လည်စိစစ်ရေးကော်မတီက မျှမျှတတ ပြန်လည်ခွဲဝေပေးရမှာဖြစ်တယ်လို့ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်ဆွေ က ပြောပါတယ်။

"လက်ရှိအခုလုပ်နေတဲ့တောင်သူတွေဖယ်၊ ဖယ်ပြီးတော့ သူ့စာရင်းဇယားနဲ့ အရင်လုပ်ခဲ့တဲ့ တောင်သူတွေ တန်းစီဇယားနဲ့ အခုလုပ်တဲ့သူတွေရောရအောင်ပေါ့လေ၊ အခုလုပ်ထားတဲ့သူတွေက ဧက ၅၀ လောက်ယူသွား တယ်ဆိုရင် သူတို့ဧကအစိပ် အရင်လုပ်ခဲ့တဲ့တောင်သူက ဧကအစိပ် ဒီလိုလေးတွေပြန်ဖြစ်ရမှာ မျှတပြီး တောင်သူတွေပဲပြန်ပေးရမှာ၊ လယ်ပြန်စစ်ကနေပြီး ဒါတွေကိုစိစစ်ပြီး သိမ်းထားတဲ့မြေထဲမှာ တောင်သူ ဘယ်နှစ်ဦးလုပ်နေသလဲ၊ လုပ်နေတဲ့တောင်သူတွေက ဘယ်သူလဲ၊ ဒါတွေကိုစိစစ်ပြီး စာရင်းပြုစုပြီးတော့ မြို့နယ်တို့၊ ခရိုင်တို့ကို ပြန်တင်ပြရမှာ"

အခုစွန့်လွှတ်လိုက်တဲ့ မြေဧက ၂၆၀၀ ဟာ တပ်မတော်က သိမ်းယူပြီးနောက် လုပ်ငန်းအကောင်အထည် မဖော်ဖြစ်တဲ့ မြေနေရာတွေဖြစ်ပြီး လက်ရှိမှာ တောင်သူတစ်ချို့က ဝင်ရောက်စိုက်ပျိုးနေတာ ဖြစ်ပါတယ်။

လယ်ယာမြေများပြန်လည်စိစစ်ရေးကော်မတီကို ကျေးရွာတိုင်းမှာဖွဲ့စည်းထားပြီး အဲဒီကော်မတီတွေကပဲ စွန့်လွှတ်ထားတဲ့ မြေယာတွေကို တောင်သူတွေထံ ပြန်လည်ခွဲဝေပေးရေးကိစ္စတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တပ်မတော်က အခုစွန့်လွှတ်လိုက်တဲ့ မြေဧက ၂၆၀၀ ဟာ မိုင်းဒိုင်းကျေးရွာအုပ်စု၊ ဖုန်ကုန်းကျေးရွာအုပ်စု၊ မကျည်းကုန်း ကျေးရွာအုပ်စု နဲ့ အုန်းမိုင်ကျေးရွာအုပ်စု စတဲ့ နေရာတွေက မြေဧကတွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။