နိုင်ငံရေးဆွေးနွေးရေး နည်းလမ်းရှာဖို့ KIO နဲ့ တပ်မတော် တွေ့ဆုံ


2018.02.02
nbanla-622.jpg KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

လတ်တလောဖြစ်ပွားနေတဲ့ စစ်ပွဲတွေကနေ နိုင်ငံရေးဆွေးနွေးပွဲ တက်လှမ်းနိုင်ဖို့ နည်းလမ်းရှာတဲ့အနေနဲ့ အစိုးရတပ်မတော်ကတာဝန်ရှိသူတွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအန်ဘန်လတို့ မနေ့က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။

အလွတ်သဘောတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဆွေးနွေးပွဲအကြောင်းအရာကို အတိအကျ မပြောနိုင်သေးဘူးလို့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူ ကပြောပါတယ်။

"တွေ့တာတော့ သေချာတာပေါ့ကွာ။ သူတို့ဘယ်မှာတွေ့ကြတယ်။ ဘယ်မှာဆွေးနွေးကြတယ်။ ဘာတွေ သဘောတူညီချက်တွေ ရယူခဲ့ကြတယ်ဆိုတဲ့ အချက်အလက်တွေ ဘာမှမရသေးဘူး။ စစ်ရေး ကနေ နိုင်ငံရေး ခြေလှမ်းသွားဖို့ပေါ့ လမ်းကြောင်းတွေ၊ လမ်းစတွေရှာတဲ့ အဲဒီရည်ရွယ်ချက်နဲ့ အလွတ်သဘော ပထမ တွေ့တယ်ပေါ့။"

နှစ်ဖက်တာဝန်ရှိသူတွေဟာ တရုတ်အစိုးရရဲ့ ညှိနှိုင်းပေးမှုနဲ့ မြန်မာ-တရုတ်နယ်စပ် ယူနန်ပြည်နယ်မှာ တွေ့ဆုံ ခဲ့ကြတာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဒါကိုတာဝန်ရှိသူတွေဘက်က အတည်ပြုချက်မပေးပါဘူး။

အစိုးရတပ်မတော်နဲ့ KIA တို့ဟာ ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ဖားကန့်မြို့နယ်အပြင် မလိခမြစ်ကြောင်း တလျှောက်က ရွှေ၊ သတ္တုနဲ့ ကျောက်တူးဖော်ရေး လုပ်ကိုင်နေကြတဲ့နေရာတွေမှာ နေ့စဉ်နီးပါး တိုက် ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

တနိုင်းမြို့နယ်အတွင်းတိုက်ပွဲတွေကြောင့် နမ့်ကွမ်းမှော်ကနေ တနိုင်းမြို့အထိ လမ်းတလျှောက်မှာ ပိတ်မိနေသူ ၁၀၀၀ နီးပါးကျန်ရှိနေသေးပြီး ၃၀၀၀ လောက်က မှော်တွေကနေ တနိုင်းဘက်ကို ထွက်လာနိုင်ပြီလို့ ဒုတိယ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဟာ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး NCA လမ်းကြောင်းတိုင်း မဟုတ်ဘဲ နိုင်ငံရေး ဆွေးနွေးဖို့ တောင်းဆိုထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးရေး ကော်မတီ FPNCC  အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။