ကေအိုင်အိုခေါင်းဆောင်တွေနဲ့ အစိုးရတပ်မတော်တို့ တေ့ွဆုံ


2018.08.05
nbanla-622.jpg KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIO ခေါင်းဆောင်တွေဟာ ဒီကနေ့ တရုတ်-မြန်မာနယ်စပ် မှာ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးကြတယ်လို့ KIO ပြောခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဆွေးနွေးတဲ့အကြောင်းအရာတွေကို မကြာခင် ရက်ပိုင်းအတွင်း သတင်းထုတ်ပြန်မယ်လို့ ဒုတိယဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

"ဟုတ်ကဲ့ပါ အဲဒီသတင်းနဲ့ပတ်သက်ပြီး ကျနော်တို့ကို ဘာမှညွန်ကြားတာမရှိသေးဘူး၊ သူတို့ပြန်လာမှ သတင်းတွေထုတ်ပြန်မယ်လို့ ပြောပါတယ်၊ သူတို့က ဘာအကြောင်းအရာဆွေးနွေးတယ်၊ ဘယ်နေရာ မှာ ဆွေးနွေးတယ်ဆိုတောင်မှ ကျနော်တို့ကို မပြောသေးဘူး၊ သူတို့ကတော့ အခုထက်ထိ ဌာနချုပ် ကို ပြန်မရောက်လာဘူး၊ မနက်ဖြန် သဘက်ခါလောက်ပဲ တရားဝင်သတင်းထုတ်ပြန်ဖို့ကတော့ ကျနော် ခန့်မှန်းတာပါ"

အဲဒီတေ့ွဆုံပွဲကို ကေအိုင်အို ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်တယ်လို့သာ ပြောပြီး အသေးစိတ်ကိုတော့ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက ဖြေကြားခြင်းမရှိပါဘူး။

KIO အဖွဲ့ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်မြောက် အစည်းအဝေးကိုလည်း ကေအိုင်အို ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးပြီးနောက်ပိုင်း အစိုးရနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ ဆုံဆွေးနွေးနိုင်ဖို့ သဘောတူညီချက်ရထားတာ ဖြစ်ပါတယ်။

KIO အဖွဲ့ နေပြည်တော်ရောက်ရှိစဉ်မှာလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတို့အကြား ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းစေ့စပ်ပေးနေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။