တပ်မတော်သိမ်း မြေယာတွေ ပြန်ပေးပြီးဖြစ်ကြောင်းပြော
2018.07.18
တပ်မတော်က မလိုအပ်ဘဲ သိမ်းဆည်းထားတဲ့ မြေဧကပေါင်းများစွာကို ပြန်လည်ပေးအပ်ပြီးပြီ ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
လူ့အခွင့်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ရဲ့ လယ်ယာမြေသိမ်းဆည်းမှုအစီရင်ခံစာ ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ပြောတာဖြစ်ပါတယ်။
"လယ်မြေယာပတ်သက်ပြီး လိုလို့သိမ်းထားတာရှိတယ်။ မလိုဘဲ သိမ်းထားတာရှိတယ်။ စစ်ထောက်ချုပ်ရုံးက တော့ သိပါတယ်။ မလိုဘဲသိမ်းထားတဲ့ အသုံးမချနိုင်တဲ့ မြေတွေအကုန်လုံးကို ပြန်ပြီးတော့ပေးနေတယ်။ အကုန်စွန့်လွှတ်နေတယ်၊ စွန့်လွှတ်တဲ့ မြေဧကပေါင်းလည်း မနည်းဘူး ကျနော်တို့ စွန်လွှတ်နိုင်သမျှ စွန့်လွှတ် ပြီးပြီ။ ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ နဲ့ သွားရောက်ပြီးတော့ တပ်က စွန့်လွှတ်တဲ့မြေတွေကို အစိုးရအဖွဲ့နဲ့ရော မြေယာစီစစ်ကိုရော မြေသိမ်းထားဟာတွေကို စွန့်လွှတ်ပြီးပြီပေါ့။ မူလပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ဖို့ လုပ်ပြီးပြီ။ ကျနော်တို့ လွှဲပေးသင့်တာတွေ အကုန်လုံးလွှဲပေးပြီးပြီ။ ကျန်တာကတော့ သက်ဆိုင်ရာ ထွေအုပ်တို့ မြေစာရင်းတို့မှာ ကြာနေတာကြောင့် မူလပိုင်ရှင်တွေဆီ ပြန်မရောက်နိုင်သေးဘဲ ကျန်နေတာပေါ့။ အဲဒါပဲ ရှိတော့တယ်။ ကျနော်တို့က မြေနဲ့ပတ်သက်ပြီး သိမ်းထားသမျှထဲက မလိုလို့ပေါ့။ လက်တွေ့ အသုံးမချနိုင်တဲ့ ဘာညာတို့ အကုန်လုံးတော့ ပြန်ပေးပြီးပြီ"
ဇူလိုင်လ ၁၇ ရက် မနေ့က ရန်ကုန်မြို့ ပန်သူရိယမှာ HRW အဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လယ်ယာ မြေ သိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်ပြီး Nothing for Our Land “အသိမ်းခံ ကျွနု်ပ်တို့လယ်မြေအတွက် နတ္ထိ” ဆိုတဲ့ အမည်ရှိတဲ့ အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအစီရင်ခံစာထဲမှာ တပ်မတော်က မြေယာတွေကို သိမ်းဆည်းထားတဲ့အကြောင်းလည်း ပါဝင်ပါတယ်။
လူ့အခွင့်ရေး စောင့်ကြည့်လေ့လာရေးအဖွဲ (HRW) ရဲ့ အာရှရေးရာ ဒုတိယ ညွန်ကြားရေးမှုး Mr. Phil Robertson က မြေယာကိစ္စမှာ တပ်မတော်က အစိတ်ပိုင်းတစ်ခုအနေနဲ့ ပါဝင်နေကြောင်း နဲ့ တပ်မတော်က မြေတွေကို တိုက်ရိုက်သိမ်းယူလိုက်တဲ့အပိုင်းနဲ့ တပ်မတော်က စေခိုင်းပြီး သိမ်းတာတွေကို တွေ့ရကြောင်း တပ်မတော်အနေနဲ့ သိမ်းယူထားတဲ့မြေတွေကို ပြန်ပေးဖို့ တိုက်တွန်းကြောင်းပြောခဲ့ပါတယ်။
တပ်မတော်ဘက်ကတော့ မူလ လယ်ယာမြေပိုင်ရှင်တွေထံကို သူတို့သိမ်းယူထားတဲ့ လယ်ယာမြေတွေ စွန့်လွှတ်ပြီး ဖြစ်ကြောင်းနဲ့ အထွေထွေအုပ်ချူပ်ရေးဌာန နဲ့ မြေစာရင်းဌာနတွေက သိမ်းယူထားတဲ့ လယ်ယာမြေတွေသာ ပြန်လည်ပေးအပ်ဖို့ ကျန်ရှိနေတာဖြစ်နိုင်ကြောင်း ပြောပါတယ်။