တပ်သိမ်းမြေ ပြန်ပေးမည်မဟုတ်ကြောင်း ကာကွယ်ရေး ဒုဝန်ကြီးပြော
2018.06.20
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၊ ဟူးမွန်ကျေးရွာအုပ်စုနဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ်တို့မှာ တပ်မတော်ကသိမ်းယူခဲ့တဲ့ လယ်ယာဥယျာဉ်ခြံမြေတွေကို မူလပိုင်ရှင်တွေဆီ ပြန်လည်လွှဲပေးဖို့ အစီအစဉ်မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဒီနေ့ပြောလိုက်ပါတယ်။
ပြန်ပေးသင့်သူတွေကို ပြန်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မြင့်နွယ်က ပြောသွားပါတယ်။
လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စု၊ ခေးခမ်းကျေးရွာမှာ နေထိုင်တဲ့ ဒေသခံတောင်သူတွေ ဘိုးစဉ်ဘောင်ဆက်စိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့ ယာမြေအားလုံးဆုံးရှုံးခဲ့ရပြီး၊ ဒေသခံတွေအနေနဲ့ ပြန်လည်စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့အတွက် မြေယာတွေ ပြန်လည်စွန့်လွှတ်ပေးဖို့ အစီအစဉ်ရှိမရှိနဲ့ စပ်လျဉ်းပြီး ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၃) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်း မေးမြန်းတဲ့မေးခွန်းကို ဇွန်လ ၂ဝ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့တာပါ။
အလားတူပဲ ရခိုင်ပြည်နယ် အမ်းမြို့နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကလည်း မြို့သစ်တည်ဆောက်ဖို့ စီမံကိန်းတွေအတွက်ဆိုပြီး အမ်းမြို့နယ်ထဲမှာ လယ်ယာဥယျာဉ်ခြံမြေ ဧကပေါင်းများစွာ အသိမ်းခံခဲ့ရပြီး၊ အဲဒီအသိမ်းခံမြေတွေအတွက် ဒေသခံတွေကို ထိုက်သင့်တဲ့ လျော်ကြေးငွေ ပေးဖို့ ရှိမရှိ မေးမြန်းခဲ့ရာမှာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။