ကရင်ပြည်နယ်မှာ တပ်ရင်းမှူးတစ်ဦး မိုင်းထိကျဆုံး
2020.01.29

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နဲ့ ဖာပွန်မြို့နယ်အကြားမှာ တပ်မတော်က လမ်းကြောင်းသွားကြည့်ရင်း မိုင်းဆွဲတိုက်ခံရတာကြောင့် တပ်မတော်ဘက်က တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ညနေပိုင်းမှာ လမ်းကြောင်းသွားကြည့်တဲ့ စကခ (၄)လက်အောက်ခံ ခမရ ၇၀၈ က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်စိုးဟာ ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရလို့ ကျဆုံးသွားခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ကျော်စိုးမိုးက ပြောပါတယ်။
ထင်းရှူးတောင်နဲ့ ၃၉၁၇ ကြားထဲမှာ ပုံမှန်လမ်းကြောင်းကြည့်သွားရင်း အခုလို မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဗိုလ်မှူးကြီး ကျော်စိုးမိုးက ပြောပါတယ်။
“ပုံမှန်သွားနေတာပဲလေ၊ ထင်းရှူးတောင်နဲ့ ၃၉၁၇ ကြား၊ လမ်းကြောင်းအခြေအနေ ကြည့်ရင်းဖြစ်တာ၊ ဆွဲမိုင်းဖြစ်မှာပေါ့၊ ကားမိုင်းဆိုတာမျိုးက ကားအရွယ်အစားမှ၊ လူလောက်နဲ့ ကွဲတာမဟုတ်တာ ဆွဲမိုင်းမို့လို့ပေါ့၊ ပုံမှန်လုပ်စရာရှိတာတွေတော့ အကုန်လုပ်ထားပါတယ်”
ဒီနေရာမှာ မိုင်းဆွဲတိုက်ခိုက်တဲ့နေရာမှာ KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေ လှုပ်ရှားတဲ့နယ်မြေဖြစ်တာကြောင့် KNU ဘက်ကပြုလုပ်တာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး ကျော်စိုးမိုးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်အနေနဲ့ JMC အပါအဝင် KNU ဘက်ကို တရားဝင်ကန့်ကွက်စာ ပို့ထားတယ်လို့လည်း ဗိုလ်မှူးကြီး ကျော်စိုးမိုးက ပြောပါတယ်။
KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကလယ်ဒိုကတော့ အခုလို ပေါက်ကွဲတာဟာ သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုဆိုပါတယ်။
“ကားလမ်းမဖောက်နိုင်အောင်ဆိုပြီး ကားမိုင်းသွားထောင်ထားတာတော့ရှိတယ်၊ KNU တပ်မဟာ ၅ နယ်မြေမှာ၊ သူတို့ကနေပြီးတော့ လမ်းကင်းနဲ့ မိုင်းရှာတဲ့သူတွေက လာရှာတယ်၊ သူတို့က တပ်မဟာ ၅ က ထောင်တဲ့မိုင်းတွေက တွေ့တယ်၊ တွေတော့ ကားမိုင်းကို သူတို့ဖောက်ခွဲပစ်လိုက်တယ်၊ ဖောက်ခွဲတော့ သူတို့ဟာသူတို့ထိတာ၊ ဒီဘက်က ဖောက်ခွဲတာ မဟုတ်ဘူးနော်၊ ဒီဘက်ကသွားပြီး မိုင်းဆွဲတာမဟုတ်ဘူး”
ဒီနယ်မြေဟာ တပ်မတော်နဲ့ KNU ပဏမာအပစ်ရပ်ဖို့ သဘောတူတုန်းကတည်း လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကာလလောက်က ဒီနေမြေထဲမှာ ကားလမ်းမဖောက်ဖို့၊ ဒီနယ်မြေထဲမှာရှိတဲ့ တပ်မတော် စခန်းတွေဆီကို ရိက္ခာပို့တဲ့အခါမှာ လူ၊ မြင်း စတာတွေနဲ့ပို့ဖို့ ညှိနှိုင်းခဲ့တယ်လို့ KNU တပ်မဟာ ၅ က ဗိုလ်မှူး ကလယ်ဒိုက ပြောပါတယ်။
KNU အနေနဲ့ သူနယ်မြေထဲမှာ တပ်မတော်ကသွားရောက်ရင် လမ်းသတ်မှတ်ပေးထားပြီး တပ်မတော်ဘက်က သတ်မှတ်လမ်းအပြင် နယ်မြေကျော်တဲ့သဘောမျိုးနဲ့ သွားလာတာတွေရှိတာကြောင့် ပစ်ခတ်မှုတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့ ဗိုလ်မှူး ကလယ်ဒိုက ပြောပါတယ်။
ဒီလိုပစ်ခတ်မှုတွေဖြစ်တာဟာ တပ်ပိုင်းဆိုင်ရာ နေရာချထားရေးကိစ္စတွေ မဆွေးနွေးရသေးတာကြောင့် ဖြစ်နေတာလို့ ဗိုလ်မှူး ကလယ်ဒိုက ပြောပါတယ်။
“တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီး ကောင်းကောင်းမွန်မွန် မဆွေးနွေးတဲ့အပေါ်မှာ အဲလိုမျိုးဖြစ်တာပေါ့လေ၊ တကယ်လို့ တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီး နှစ်ဖက်တွေ့ဆုံညှိနှိုင်းပြီးတော့မှ နှစ်ဖက်သဘောတူတဲ့အပေါ်မှာ လုပ်ဆောင်သွားမယ်ဆိုရင် ဒီလိုပြဿနာမျိုးဟာ နည်းနည်းရှင်းသွားမယ်လို့ ကျနော်အနေနဲ့တော့ မြင်တာပေါ့နော်”
KNU အဖွဲ့ဟာ ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် လက်ထပ်ကတည်းက NCA လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ဖြစ်ပြီး အခုလို ပွင့်လင်းရာသီ တပ်မတော်က ရိက္ခာပို့တဲ့အချိန်မှာ KNU တပ်မဟာ ၅ နယ်မြေမှာ မကြာခဏဆို ပစ်ခတ်မှုတွေဖြစ်လေ့ရှိပါတယ်။
KNU အဖွဲ့ဟာ JMC ကို ယုံကြည်တဲ့အဖွဲ့ဖြစ်တာကြောင့် အခုလို တပ်မတော်ဘက်က တပ်ရင်းမှူး တစ်ဦးမိုင်းဆွဲတိုက်ခိုက်ခံပြီး သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တယ်လို့ တပ်မတော် အရာရှိဟောင်းတစ်ဦးလည်းဖြစ် ပြန်ကြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဦးရဲထွဋ်က ပြောပါတယ်။
“အဲမှာကတော့ ကျန်တဲ့နေရာတွေနဲ့စာရင် တပ်နေရာချင်းက ပိုနီးတယ်၊တပ်မဟာ ၅ က အစကတည်းက NCA အပေါ်မှာ သဘောထားက တစ်မျိုးဖြစ်နေတော့ အဲလိုပြဿနာဖြစ်တယ်လို့မြင်တယ်၊ သို့သော် ဘာပဲဖြစ်ဖြစ် KNU နယ်မြေမှာ JMC ယန္တရားက အသက်ဝင်တာကြောင့် အဲဒါကိုနှစ်ဖက်ညှိနှိုင်းပြီး ဖြေရှင်းနိုင်မယ်လို့ မြင်ပါတယ်”
ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း KNU တပ်မဟာ၊ တပ်ရင်းဌာနချုပ်စခန်းတွေကို တပ်မတော်ဘက်က ဒရုန်းတွေစေလွှတ်ပြီး စုံစမ်းထောက်လှမ်းတာတွေရှိတယ်ဆိုပြီး KNU တပ်မဟာ ၅ ဌာနချုပ်က ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဆီကို ကန့်ကွက်လွှာ ပေးပို့ခဲ့ပါတယ်။
ဒီလကုန်ပိုင်းမှာပဲ KNU နဲ့ တပ်မတော်ခေါင်းဆောင်တွေ တပ်ပိုင်းဆိုင်ရာကိစ္စတွေဆွေးနွေးဖို့ သဘောတူထားပေမယ့် နှစ်ဘက်ခေါင်းဆောင်တွေ အစည်းအဝေးရှိလို့ဆိုပြီး ရွှေ့ဆိုင်းထားပါတယ်။
KNU အဖွဲ့ဟာ NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့ဖြစ်ပေမယ့် နယ်မြေကိစ္စတွေ၊ တပ်ပိုင်းဆိုင်ရာ နေရာချထားရေးကိစ္စတွေ သေချာမဆွေးနွေးနိုင်သေးတာကြောင့် တပ်မတော်နဲ့ ပစ်ခတ်မှုတွေဖြစ်တာ၊ နယ်မြေကျော်တယ်ဆိုပြီး ကန့်ကွက်တာတွေ မကြာခဏဆိုသလို ဖြစ်လေ့ရှိပါတယ်။