ဆီဆိုင်မြို့ မြေယာအငြင်းပွားမှုအတွက် စစ်တိုင်းမှုးကိုယ်တိုင် ဒေသခံနဲ့ ဆွေးနွေး
2020.06.04
ရှမ်းပြည်နယ် ဆီဆိုင်မြို့က မြေဧက ၂၀၀၀ ကျော်ကို တပ်မတော်က သိမ်းထားတယ်ဆိုပြီး အငြင်းပွားမှု ဖြစ်တဲ့နေရာမှာ မြေသိမ်းခံတောင်သူတွေနဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ဆီဆိုင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဒီကနေ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီကနေ့တွေ့ဆုံပွဲမှာ တောင်သူတွေဘက်က တောင်းဆိုချက်တွေကို တပ်မတော်ဘက်က မှတ်သားသွားပြီး အကြောင်းပြန်မယ်လို့ တိုင်းမှူးက ပြောသွားတယ်လို့ ဒီနေ့ ဆွေးနွေးရာမှာပါဝင်တဲ့ တောင်သူ ဒေါ်ချိုချိုက ပြောပါတယ်။
“မနေ့ညက ချက်ချင်းထုတ်လိုက်တဲ့သတင်း၊ တိုင်းမှုးကရောက်နေတာ၊ တောင်သူတွေကို မတွေ့ဘူး၊ ဒေသ ဦးစီးတို့နဲ့ပဲ တပ်ရင်းမှာ ခေါ်တွေ့တယ်။ သတင်းလေးတွေ တက်လာလို့ တောင်သူတွေရဲ့ ခံစားချက်ကို သိလာလို့လား မသိဘူး ခေါ်တွေ့တာ ထင်တယ်။ တောင်သူတွေကိုခေါ်တွေ့တော့ ဝမ်းသာတာပေါ့၊ ခံစား ချက်ကို တရားဝင်ပြောလိုက်ရလို့ ရောဂါလည်း နည်းနည်းပေါ့သွားတယ်”
ရှမ်းပြည်နယ်မှာ တပ်သိမ်းမြေတွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ တောင်သူတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေကို ဖြေရှင်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်းတောင်းဆိုခဲ့ကြတယ်ဆိုပြီး ဇွန်လ ၃ ရက်နေ့မှာ RFA က သတင်းထုတ်လွှင့်အပြီး နောက်နေ့မှာ တပ်မတော်ဘက်က တိုင်းမှုးအဆင့်ကိုယ်တိုင် ခေါ်ယူဆွေးနွေးရတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။
ရှမ်းပြည်နယ် ဆီဆိုင်မြို့က လယ်ယာမြေဧက ၂၀၀၀ ကျော်ကို ခမရ ၄၂၃ နဲ့ ၄၂၄ တပ်က လျော်ကြေး၊ နစ်နာကြေး မပေးဘဲ သိမ်းဆည်းထားလို့ စိုက်ပျိုးချိန်မှာ အခက်အခဲတွေ တွေ့နေရတယ်လို့ ဒေသခံတောင်သူတွေက RFA ကို ပြောပါတယ်။
၁၉၉၂ ခုနှစ်မှာ အဲဒီနေရာတွေကို တပ်မတော်က ရောက်လာတာဖြစ်ပေမယ့် ၂၀၁၈ ခုနှစ်မှာမှ ဒီနေရာတွေကို သိမ်းဆည်းထားတာဖြစ်ပြီး စိုက်ပျိုးခွင့်မရတော့ဘူးဆိုတာကို သိခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
တပ်မတော်နဲ့ ဒေသခံတောင်သူတွေ မြေယာပဋိပက္ခဖြစ်ပွားနေကာ တောင်သူ ၇၀ ကျော်ကို တပ်က တရားစွဲဆိုထားပါတယ်။
တပ်မတော်နဲ့ ဒေသခံ တောင်သူတွေကြား ပဋိပက္ခဖြစ်ပွားနေတဲ့ကြားက စိုက်ပျိုးရေးလုပ်ငန်းတွေကို လုပ်ကိုင်နေရတာဖြစ်ပြီး ဒီနှစ် ၂၀၂၀ စိုက်ပျိုးရေးရာသီမှာတော့ လုံး၀ ဝင်ရောက်စိုက်ပျိုးလို့ မရတော့တဲ့ အခြေအနေထိ ဖြစ်လာတာပါ။
တွေ့ဆုံဆွေးနွေးပွဲလုပ်ဖို့ တောင်သူတွေဆီ အချိန်ကပ်ပြီး အကြောင်းကြားခဲ့တာဖြစ်လို့ ပြင်ဆင်ချိန်တော့ သိပ်မရခဲ့ဘူးလို့ တောင်သူတွေက ပြောပါတယ်။
ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ နောင်ယားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်ဦးက ဒီနေ့ဆွေးနွေးတဲ့အပေါ် သူ့အမြင်ကို အခုလိုပြောပါတယ်။
“တိုင်းရင်းသားဒေသမှာက ၁၉၇၅ နောက်ပိုင်းမှာ အစိုးရရုံးတွေ ရုံးစိုက်တယ်။ စာပေ၊ ဥပဒေကို လက်လှမ်း မှီတဲ့ တစ်ရာခိုင်နှုန်းလောက်ပဲ အထောက်အထားတွေလုပ်ကြတယ်။ ကျန်တဲ့သူတွေက အထောက်ထား လုပ်လေ့မရှိဘူး။ အထောက်အထား မရှိတဲ့မြေကို မြေလွှတ်မြေရိုင်းပါဆိုပြီး ၁၉၈၈ နောက်ပိုင်းမှာ တပ်က လိုအပ်တဲ့အတိုင်းတာထက် ယူထားတဲ့မြေကို သေချာမစိစစ်ဘူးဆိုရင် မလိုလားအပ်တဲ့၊ အကျိုးမရှိတဲ့၊ တောင်သူတွေအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့်ဟာတွေပဲ ဦးတည်နေတယ်။ တောင်သူရော၊ နိုင်ငံတော်ရော အကျိုးရှိအောင် အရပ်ဘက်အဖွဲ့တွေ ပါဝင်ပြီး ပွင့်လင်းမြင်သာအောင် မြေပြင်ကွင်းဆင်းစစ်ဆေးမှာပဲ နှစ်ဦးနှစ်ဖက် အကျိုးရှိမှာ“
ပအိုဝ်းလူငယ်အစည်းအရုံးဥက္ကဋ္ဌ ကိုခွန်ဦးက ဒေသခံတွေရဲ့ ညီညွတ်ရေး အရေးကြီးတာကို ဒီဖြစ်ရပ်က သက်သေပြလိုက်တာပဲလို့ ပြောပါတယ်။
“လှုပ်ရှားမှုက ကြီးမားလာတဲ့အတွက် မဖြစ်မနေအခြေအနေ လာတွေ့ဖြစ်တယ်လို့ ထင်တာ၊ နောက်တစ်ခုက တောင်သူတွေကိုယ်တိုင် ဒီလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်လာတယ်၊ မီဒီယာတွေကလည်း ရေးသားဖော်ပြ ကြတော့ လာတွေ့တာလို့လည်း မြင်တယ်။ ပအိုဝ်းခေါင်းဆောင်တချို့နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတာ လည်းရှိတယ်၊ ပြီးခဲ့တဲ့အခေါက်က တွေ့တာလည်းရှိတော့ အဲဒီရလဒ်တွေနဲ့ လာတွေ့တာလို့ မြင်မိတယ်“
နယ်မြေခံစစ်ဌာနချုပ်နဲ့ တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့တို့ကို မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူးပါဝင်တဲ့ဆွေးနွေးမှုဟာ အခုဆွေးနွေးမှုက ပထမဆုံးအကြိမ်ဖြစ်ပြီး တောင်သူတွေကတော့ အာဏာပိုင်တွေအနေနဲ့ ဥပဒေအရလုပ်ဆောင်မယ်ဆိုရင် မြေယာတွေ ဒေသခံတွေလက်ထဲ ပြန်ရရှိမယ်လို့ မျှော်လင့်နေကြပါတယ်။