နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်တာတွေ ဥပဒေအရ အရေးယူရမယ်လို့ တပ်ထုတ်ပြန်

2021.02.08
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို နှောင့်ယှက်တာတွေ ဥပဒေအရ အရေးယူရမယ်လို့ တပ်ထုတ်ပြန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်၊ တားဆီးတဲ့ ကျူးလွန်မှုတွေကို ဟန့်တားနိုင်ဖို့ ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ရမယ်လို့ တစ်နိုင်ငံလုံးက စစ်အစိုးရ ဆန့်ကျင်ရေး အရှိန်အဟုန်မြှင့် ဆန္ဒပြကြတဲ့ ဒီနေ့မှာ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ကြေညာချက်ထုတ်လိုက်ပါတယ်။

ဒီမိုကရေစီလူ့အခွင့်အရေးကို အကြောင်းပြပြီး အုပ်စုဖွဲ့အတင်းအကြပ်ပြုတာ၊ နှောင့်ယှက်တာ၊ ခြိမ်းခြောက် တာတွေ ပြုလုပ်တာ တွေ့ရပြီး စည်းကမ်းမရှိရင် ဒီမိုကရေစီပျက်စီးနိုင်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်တဲ့ အနိုင်ရပါတီကို အစိုးရဖွဲ့ခွင့်မပေးဘဲ တပ်မတော်က အာဏာသိမ်း လိုက်တာဟာ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုအရ အကျုံးဝင်ပြီး ဒီလို ဆောင်ရွက်တာကို ပြည်သူလူထုက လက်မခံဘဲ ဆန္ဒပြနေတာဟာ တရားသဖြင့်ဆောင်ရွက်တာဖြစ်တယ်၊ လွတ်လပ်စွာ ပြောဆိုခွင့်ဘောင်အတွင်းက ဆောင်ရွက်တာဖြစ်လို့ ပြည်သူတွေရဲ့ လုပ်ဆောင်ချက်ဟာ တရားဝင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း ကပြောပါတယ်။

တရားမျှတပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ လုံခြုံမှုကို လိုလားတဲ့ ပြည်သူတွေအနေနဲ့ ဥပဒေမဲ့ ကျူးလွန်သူတွေကို လက်မခံဘဲ နိုင်ငံနဲ့လူမျိုးအတွက် ပူးပေါင်းပြီး တားဆီးဖယ်ရှားပေးဖို့ တပ်မတော်က ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီမိုကရေစီစနစ်အရ လူတိုင်းလွတ်လပ်စွာပြောဆိုခွင့်၊ လုပ်ကိုင်ဆောင်ရွက်ခွင့်နဲ့ နေထိုင်ခွင့်ရှိပြီး သူတစ်ပါးကို မထိခိုက်စေဖို့နဲ့ မိမိနဲ့ သဘောထားအယူအဆ မတူသူတွေကိုလည်း ကွဲလွဲခွင့်ပေးရမယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီနေ့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ နေပြည်တော် စတဲ့ မြို့ကြီးတွေက ဆန္ဒပြပွဲတွေထဲမှာ ရှေ့နေတွေလည်း ပါဝင်ဆန္ဒပြကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။