ခရီးသွားယာဉ်တွေကို ပစ်ခတ်တယ်လို့ တပ်မတော်ထုတ်ပြန်ချက် TNLA ငြင်းဆန်
2018.08.19
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က နမ့်ဖလွန်း (အောက်ရွာ) အနီးမှာ တအာင်းပလောင်အဖွဲ့ TNLA က ခရီးသွားကားတွေကို ရပ်တန့်ခိုင်းပြီး မရပ်တဲ့ ကားတွေကို သေနတ်နဲ့ ပစ်ခတ် ခဲ့တာကြောင့် ခရီးသွားနှစ်ယောက် ဒဏ်ရာရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ငြင်းဆိုပါတယ်။
"အဲဒါ ပစ်တာတော့ မရှိပါဘူး၊ ကျနော်တို့လူ ပြန်မေးကြည့်တော့လည်း မတွေ့ဘူးတဲ့ အဲကိစ္စ၊ တပ်ကတော့ မကြာခဏ ဒီတိုင်းပဲထုတ်တတ်တယ်၊ ကျနော်တို့နယ်ဆိုရင်တော့ ဘာဖြစ်ဖြစ် TNLA ပေါ့နော်၊ KIA ဘက်မှာဆိုရင်တော့ ဘာဖြစ်ဖြစ် သူတို့က KIA၊ ထုံးစံပါပဲ၊ သူကအမြဲတမ်းအဲလိုမျိုးပဲ ထုတ်တတ်တယ်"
အဲဒီလို ပစ်ခတ်တာဟာ သြဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းကဖြစ်ခဲ့တာလို့ တပ်မတော်က မနေ့က သတင်းထုတ်ပြန် ခဲ့ပါတယ်။
ပစ်ခတ်မှုတွေကြောင့် ယာဉ်မောင်းတစ်ဦးရဲ့ ဝဲဘက်ဒူးခေါင်းမှာ ကျည်ထိမှန်ဒဏ်ရာရခဲ့သလို တခြားယာဉ်မောင်းရဲ့ ဝဲဘက်ခြေဖမိုးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့က အမျိုးသမီးတစ်ယောက်ကို TNLA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာကို အမြန်ပြန်လွှတ်ပေးဖို့ မေတ္တာရပ်ခံကြောင်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အဖွဲ့က TNLA ကို စာပေးပို့လိုက်ပါတယ်။
သြဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းက နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်က နောင်မော(ဝ်) အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ကို အမျိုးသား ၅ ယောက်က ပါဂျဲရိုအနက်ရောင်ကားနဲ့ ရုတ်တရက်ရောက်လာပြီး အမျိုးသမီးကို ပစ္စတိုသေနတ်နဲ့ချိန်ပြီး ကားပေါ်အတင်းတက်ခိုင်းကာ ခေါ်ဆောင်သွားခဲ့တယ်လို့ အဲဒီစာမှာ ရေးထားပါတယ်။
အဲဒီအမျိုးသမီးကို ဖမ်းဆီးသွားသူတွေဟာ TNLA အဖွဲ့ဖြစ်ကြောင်း မျက်မြင်ဒေသခံတွေက ပြောတယ်လို့လည်း SSPP ကပေးပို့တဲ့စာမှာ ပါရှိပါတယ်။
TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး မသိရှိကြောင်းနဲ့ SSPP အဖွဲ့က ပေးပို့တဲ့စာလည်း ရောက်လာတာမတွေ့ရဘူးလို့ RFA ကို ပြောပါတယ်။