တပ်မတော်ကို ထောက်ခံကြိုဆိုတဲ့ လမ်းလျှောက်ချီတက်ပွဲ


2016.12.18
army-recommend-protest-620.jpg တပ်မတော်ကို ထောက်ခံကြိုဆိုကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာကျင်းပနေစဉ်
Photo: Kyaw Zaw Win/ RFA

တပ်မတော်ရဲ့ တိုက်ပွဲတွေ အောင်မြင်ဖို့နဲ့ တပ်မတော်ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ အမျိုးသားရေး လှုပ်ရှားသူတွေ နဲ့ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသူတွေ စုစုပေါင်း တစ်ထောင်ခန့်က ဒီနေ့ ရန်ကုန်မြို့မှာ လမ်းလျှောက်ချီတက် ခဲ့ကြပါတယ်။

လမ်းလျှောက်ချီတက်သူတွေဟာ ဗဟန်း ၃ လမ်းရှေ့ကနေ ဆူးလေဘုရားထိ လမ်းလျောက်ပြီး မြို့တော်ခန်းမရှေ့ မှာ ဟောပြောပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဟောပြောပွဲမှာ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ က လက်ရှိအစိုးရ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဘယ်အစိုးရတက်တက် ညှိနှိုင်းလို့ရမယ့်အဖွဲ့တွေ မဟုတ်ကြောင်း နဲ့ လက်နက်ကိုင်တွေကို တိုက်ခိုက်နေတဲ့ တပ်မတော်ကို ထောက်ခံကြောင်း ပြောခဲ့ပါတယ်။

"အခု လက်နက်ကိုင်ပြီးတော့ တော်လှန်နေတဲ့၊ သောင်းကျန်းနေတဲ့ ပုဂ္ဂိုလ်တွေဟာ ဦးစောမောင်၊ ဦးသန်းရွှေကို တော်လှန်တာလား၊ ဦးသိန်းစိန်ကို တော်လှန်တာလား၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို တော်လှန်တာလား၊ ဘယ်အစိုးရလာလာ တော်လှန်နေမယ့်လူတွေဖြစ်နေတယ်၊ ဘယ်တော့မှ ညှိလို့ရမယ့်လူတွေ မဟုတ်ဘူး၊ ဘယ်အစိုးရတက်တက် ပုန်ကန်နေတဲ့အဖွဲ့တွေကို ဘယ်အစိုးရတက်တက် တည်မြဲနေတဲ့တပ်မတော်က ဆက်လက်ပြီးတော့ ချေမှုန်းတိုက်ခိုက်နေမယ်၊ ဒီတပ်မတော်ကို ကျနော်တို့ အလေးအနက်ထောက်ခံပါတယ်လို့ တင်ပြရင်း နိဂုံးချုပ်ပါတယ်ခင်ဗျာ"

ချီတက်သူတွေဟာ မြန်မာနိုင်ငံအလံ တပ်မတော် ကြည်း၊ ရေ၊ လေ အလံတွေ ကိုင်ဆောင်ပြီး ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး၊ အမျိုးဘာသာ သာသနာကာကွယ်ရေး စတာတွေ ကြွေးကြော်ပြီး လမ်းလျှောက်ခဲ့ကြ တာ ဖြစ်ပါတယ်။

တပ်မတော်ကို ထောက်ခံကြိုဆိုတဲ့ ဆန္ဒပြချီတက်ပွဲမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်းတွေဖြစ်တဲ့ ဦးလှဆွေ နဲ့ ဒေါ်ခင်ဝိုင်းကြည် တို့ ပါဝင်ပြီး အမျိုးသားရေး လှုပ်ရှားဆောင်ရွက်နေတဲ့ ရဟန်းသံဃာတော်တွေ ပါဝင်ခဲ့ပါတယ်။

လမ်းလျှောက်ချီတက်သူတွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံ၊ မြန်မာနိုင်ငံတော်အလံနဲ့ တပ်မတော် ကြည်း၊ ရေ၊ လေ အလံတွေ ကိုင်ဆောင်ပြီး ပြည်ထောင်စု တည်တံ့ခိုင်မြဲရေး၊ အမျိုးဘာသာသာသနာ ကာကွယ်ရေး စတာတွေ ကြွေးကြော်ပြီး လမ်းလျှောက်ခဲ့ကြ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။