တပ်မတော်နဲ့ TNLA တပ် တိုက်ပွဲတွေကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရ


2017.08.13
injured-childs-622.jpg ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းရွာအနီးမှာ တပ်နဲ့ TNLA တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်တစ်ဦး ကို တွေ့ရစဉ်
Photo: AHLIN

ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းရွာအနီးမှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLAတို့ ဒီနေ့မနက်အစောပိုင်းမှာ ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲကြောင့် ရွာထဲကိုလက်နက်ကြီး ကျရောက်ပြီး အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရတဲ့ သူလေးဦးထဲမှာ နှစ်နှစ်သားအရွယ် ကလေးငယ်တစ်ဦး ပါဝင်တယ်လို့ ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ နမ့်ခမ်းမြို့နယ်တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးမြင့်ကျော် ကပြောပါတယ်။

"အမျိုးသားနှစ်ယောက်၊ အမျိုးသမီးနှစ်ယောက်၊ အမျိုးသမီးထဲမှာ ကလေးတစ်ယောက်ပါတယ်။ အသက်နှစ်နှစ် ကျော်လေးပေါ့။ အခုတော့ဆေးရုံရောက်ကုန်ပြီ။ ၉ နာရီလောက်ဆေးရုံရောက်တယ်။ နမ့်ခမ်းဆေးရုံ၊ ကလေးငယ်လည်း ခြေသလုံးမှာထိတယ်။ ခြေသလုံးမှာ ထိပြီးတော့ ကျည်ဆံစ ဒီအသားထဲမှာပေါ့။ အဲ့ကလေးငယ်လည်း ခွဲထုတ်ရမှာပေါ့။ စိုးရိမ်စရာတော့မရှိပါဘူး။"

မနေ့ညနေပိုင်းက ကောင်းဝိုင်းကျေးရွာထဲကို တအာင်းလွတ်မြောက်ရေးတပ်မတော် က ရောက်ရှိလာပြီးနောက် မနက် ၅ နာရီခွဲခန့်ကနေ ၉ နာရီခွဲလောက် အထိ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ရွာသားတွေဟာ ရွာလယ်က ဓမ္မာရုံနဲ့ ဘုန်းကြီးကျောင်းမှာသွားရောက်ခိုလှုံနေကြရတယ်လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် ကောင်းဝိုင်းရွာထဲမှာ အစိုးရတပ်မတော်ကနေရာယူထားပြီး တအာင်း လွတ်မြောက်ရေး တပ်မတော်က ဆုတ်ခွါသွားပေမယ့် တိုက်ပွဲတွေပြန်ဖြစ်နိုင်တဲ့အနေအထား ရှိနေသေးတယ်လို့ နမ့်ခမ်းမြို့နယ် တအာင်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးမြင့်ကျော် က ပြောပါတယ်။

ကောင်းဝိုင်းကျေးရွာဟာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် နှစ်ဖက်လုံးက အဝင်အထွက် ရှိတဲ့ ရွာဖြစ်တယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။