တာချီလိတ်မှာ ထိုင်းအမျိုးသမီး ၃ ဦးကို ဖမ်းမိ


2017.06.04
thai-girl-620.jpg ဖမ်းဆီးရမိခဲ့တဲ့ ထိုင်းအမျိုးသမီး ၃ ဦးကို တွေ့ရစဉ်
.

ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ ဆက်စပ်ပြီး ရဲကအလိုရှိနေတဲ့ ထိုင်းအမျိုးသမီး ၃ ဦးကို မနေ့ညနေပိုင်း ဇွန်လ ၃ ရက်နေ့က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံ တာဝန်ရှိသူတွေထံကို ည ၉ နာရီကျော်မှာ ထိုင်း မြန်မာ နယ်ခြားကော်မတီကနေတဆင့် လွဲပြောင်းပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက ခွန်ကန်မြို့နယ်က ကာရာအိုကေဆိုင်က အမျိုးသမီးတစ်ဦးကို သတ်ဖြတ် ပြီး မြန်မာနိုင်ငံဘက်ခြမ်း တာချီလိတ်မြို့ကို ထွက်ပြေး တိမ်းရှောင်လာကြတာ ဖြစ်ပါတယ်။

ထိုင်းအမျိုးသမီး သုံးဦးကို ထိုင်းမြန်မာနယ်ခြားကော်မတီကတဆင့် ဖမ်းဆီးပေးဖို့ တရားဝင်အကူအညီ တောင်းခံ လာခဲ့ပြီးနောက် စုံစမ်းရှာဖွေခဲ့ရာက ဇွန်လ ၃ ရက်နေ့ မနေ့ညနေ ၆ နာရီက ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က RFA ကို ပြောဆိုပါတယ်။

"သူတို့ဆီကနေ ၂၉ ရက်နေ့မှာ ကျနော်တို့ TBC ကနေ အကြောင်းကြားလာတာပေါ့ လူသတ်မှုဖြစ်တဲ့ ပုဂ္ဂိုလ်က ဒီဘက်ထဲကို ရောက်လာတယ်လို့ သူတို့ဘက်ကနေ သတင်းပေးတဲ့ အတွက်ကြောင့်မိုလို့ ကျနေ်ာတို့ဘက်ကနေပြီးတော့ အမှန်တကယ် မိနိုင်ဖို့အတွက်ကို ကျနော်တို့ ကြိုးစားပါတယ်။ အဖွဲ့ သုံးဖွဲ့ခွဲပါတယ်။ မနေ့ကပေါ့နော် မနေ့က ညနေစောင်းလောက်မှာ သတင်းရလို့ အိမ်တစ်အိမ် မှာ ဒေသခံတွေ သတင်းပေးလို့ ကျနော်တို့ဆီက ထိုင်းစကား ရှမ်းစကားတတ်တဲ့ ရဲမေလေး တစ်ယောက်ကနေပြီးတော့ သွားကြည့်တယ် ထိုင်းစကားနဲ့ ပြောကြည့်တယ်၊ အဲ့အဆိုပါ လူသုံးယောက်ဖြစ်နေတယ်၊ ဖြစ်တဲ့အခါကြတော့ ကျနော်တို့ဆီက ခရိုင်ရဲမှူး အပါအဝင် အဖွဲ့တွေကနေ သွားရောက်ပြီးတော့ လက်ရဖမ်းပါတယ် ၆ နာရီမှာ မိပါတယ်။ မိပြီးတော့မှ လိုအပ်တဲ့ အချက်အလက်တွေ ကျနေ်ာတို့ တောင်းပြီးတော့မှ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ဒီလူများဟာ ထိုင်းနိုင်ငံမှာ ကျူးလွန်တဲ့အတွက်ကြောင့်မို့ ထိုင်းဖက်ကို ကျနော်တို့ ပြန်ပြီးတော့ မြန်မာစံတော်ချိန် ည ၉ နာရီနဲ့ ၁၀ မိနစ်မှာ TBC ကတဆင့် ကျနော်တို့ ချစ်ကြည်ရေး တံတားပေါ်မှာပဲ ထိုင်းနိုင်ငံ တာဝန်ရှိသူများကို လွဲပေးခဲ့ပါတယ်ခင်ဗျ၊ ဒီလိုဖြစ်စဉ်ကတော့ ကျနော်တို့ဆီမှာ ဒါ ပထမဆုံး အကြိမ်ပေါ့နော်"

လူသတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အဲ့ဒီအမျိုးသမီးသုံးဦးကတော့ အသက် ၂၄ နှစ်အရွယ် ပရီအော ၊ အသက် ၂၅ နှစ်အရွယ် အန်း နဲ့ အသက် ၂၈ နှစ်အရွယ် ဂျေး တို့ဖြစ်ကြပြီး သူတို့သုံးဦးဟာ မေလ ၂၃ ရက်နေ့က ကာရာအိုကေဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၂၂ နှစ်အရွယ် နောင့်အန် ဆိုတဲ့အမျိုးသမီးကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး လက်ကြီးဖြန့်ဖြူးသူတွေ ဖြစ်ပြီး အသတ်ခံရသူအမျိုးသမီးက ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့တာလို့လည်း ထိုင်းသတင်းတွေ မှာ ရေးသားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။