မောင်တောမှာ WY ဆေးပြား အများအပြားဖမ်းဆီးမိ


2016.08.23
wy-620.jpg WY စိတ်ကြွမူးယစ်ဆေးပြားတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ကာလတန်ဖိုး ငွေကျပ် သိန်း ၃ ထောင်ကျော်တန်ဖိုးရှိတဲ့ WY စိတ်ကြွ မူးယစ်ဆေးပြားပေါင်း တစ်သိန်းခွဲကျော်ကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ပိုင်ရှင်နှစ်ဦးအပါအဝင် လူ ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မောင်တောခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဉာဏ်ဝင်းဦး က ပြောပါတယ်။

"မနေ့က တောင်ပြိုဘက်ကို သွားတဲ့ကားဂိတ်မှာ သွားစစ်တော့ တွေ့တာပါ။ မနေ့ကဖမ်းမိတာ စုစုပေါင်းဆိုရင် တစ်သိန်းငါးသောင်းခြောက်ထောင်၊ ဒေသတန်ဖိုးနဲ့ဆိုရင် အားလုံး သိန်း ၃ထောင်ကျော်ဖိုးပေါ့၊ မိခဲ့တဲ့သူ ၄ ဦးကို ဖမ်းဆီးချုပ်နှောင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေ တာပေါ့"

မောင်တောမြို့ကားဂိတ်ကနေ နယ်စပ်တောင်ပြိုလက်ဝဲမြို့နယ်ကို သွားဖို့ပြင်ဆင်နေတဲ့ နှစ်ဦးထံကနေ WY မူးယစ်ဆေးပြားပေါင်း ၅သောင်းနီးပါးကို ပထမဆုံးဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲဒီကနေ ကွင်းဆက်အနေနဲ့ လသာကျေးရွာမှာရှိတဲ့ နေအိမ်တစ်ခုကနေ ဆေးပြားပေါင်း ၁ သိန်းကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီမူးယစ်ဆေးဝါးတွေဟာ မောင်တောနယ်စပ် တောင်ပြိုလက်ဝဲမြို့နယ်ကနေတဆင့် တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကို ပို့ဆောင်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့လည်း မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ကာလအတွင်း ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လ ၂ လအတွင်းမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် ၊ မောင်တောမြို့နယ်နဲ့ တခြားမြို့နယ်အချို့မှာ ဖမ်းဆီးရမိခဲ့တဲ့ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား အရေ အတွက်ဟာ ၁၁ သိန်းကျော်အထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။