မောင်တောမှာ နယ်ခြားစောင့်ရဲ ၂၁ ဦးကို ဖမ်းဆီး


2015.04.16

ရခိုင်ပြည်နယ် မောင်တောမြို့မှာ သြင်္ကန်ရေပက်ခံထွက်တဲ့ မြို့ခံလူငယ်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့အကြား ရိုက်နှက်မှုတွေ ဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်လို့ နယ်ခြားစောင့်ရဲ ၂၁ ဦးကို ဖမ်းဆီးထားပြီး တရားစွဲဆိုဖို့ ပြင်ဆင်နေ ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကိုယ်တိုင် မောင်တော မြို့ကို သွားရောက်စစ်ဆေးခဲ့ကြောင်း ရခိုင်ပြည်နယ် အရေးပေါ်ညှိနှိုင်းပေါင်းစပ်ရေးအဖွဲ့က ဦးသန်းထွန်းက ပြော ပါတယ်။

"မနေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်ပြီးတော့ မောင်တောမြို့ ကိုသွားပါတယ်၊ အဲဒီ့နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂၁ ဦးကို ဖမ်းချုပ်ထားတယ်၊ ပြည်သူလူထုရဲ့ ထွက်ဆိုချက်အရ သူတို့ကိုတရားစွဲဆိုသွားမယ်၊ မောင်တောမှာ မော်တော်ကားမှန်တစ်စင်းကို ရိုက်ခွဲသွားတယ်၊ နောက်အိမ်တွေ ကိုလည်း ဒုတ်တွေနဲ့ရိုက်တဲ့ကိစ္စတွေအတွက် အဲဒီ့ ၂၁ ယောက်အဖွဲ့က တောင်းပန်ပေးရမယ်"

ပြီးခဲ့တဲ့ ဧပြီလ ၁၄ ရက်နေ့က မောင်တောမြို့ခံ လူငယ် ၃၀ ကျော်တို့ ဘူးသီးတောင်မြို့ကို ကားနှစ်စီးနဲ့ ရေပက်ခံ ထွက်ပြီး ညနေပိုင်း မောင်တောမြို့ကိုအပြန်မှာ စကားများရန်ဖြစ်ရာက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာပါ။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ အဲဒီနေ့ည ၈ နာရီလောက်မှာ မောင်တောမြို့အထိ လာရောက်ပြီး အမှတ် (၃) ညောင်ပင်လှရပ်ကွက်မှာ ကားပေါ်က လူငယ်တွေကို နံပါတ်တုတ်တွေ၊ သေနတ်ဒင်တွေနဲ့ ရိုက်နှက်ခဲ့တာကြောင့် လူငယ် ၅ ယောက်ထက်မနည်း ပွန်းပဲ့ဒဏ်ရာတွေရရှိခဲ့ပြီး မြို့ခံတွေကိုလည်း ရိုင်းပြစော်ကားခဲ့ကြောင်း သိရပါတယ်။

မနက်ဖြန် နှစ်ဆန်းတစ်ရက်နေ့မှာတော့ မောင်တောမြို့နယ်လုံးဆိုင်ရာ သက်ကြီးပူဇော်ပွဲအခမ်းအနား မှာ မောင်တောမြို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှူး ဦးတင်ကိုကိုကိုယ်တိုင် မောင်တောမြို့ခံလူထုကို တောင်းပန်မယ်လို့ လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။