မွတ်စလင် ၁၀၆ ဦးကို လူမှောင်ခို တင်ပို့လိုက်သူတွေလို့ ယူဆရသူ နှစ်ဦးကို ဖမ်းဆီးစစ်ဆေး


2018.11.19
boat-refugees-622.jpg ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သက်ကယ်ပြင်ကျေးရွာ နာဇီဒုက္ခသည်စခန်းကနေ မလေးရှားနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ မွတ်စလင်ဒုက္ခသည်ကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးမှာ ဖမ်းဆီးရမိစဉ်
Photo: Kyaw Zaw Win/RFA

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ထဲကို လှေတစ်စီးနဲ့ရောက်လာတဲ့ မွတ်စလင် ၁၀၆ ဦးကို လူမှောင်ခိုတင်ပို့တဲ့ ပွဲစားလုပ်သူတွေလို့ ယူဆရသူ နှစ်ဦးကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ပေါက်တောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး ကတော့ သူတို့နှစ်ဦးဟာ အဲဒီမွတ်စလင် ၁၀၆ ဦးကို မလေးရှားကို ပို့ဆောင်ဖို့ စီစဉ်ရာမှာ ပါဝင်ခဲ့တယ်လို့ ဝန်ခံထားကြောင်း RFA ကို ပြောကြားခဲ့ပေမယ့် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းကတော့ ဝန်ခံခြင်း ရှိမရှိ အတည်ပြုခြင်း၊ ငြင်းဆိုခြင်း မရှိပါဘူး။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ဆေးနေဆဲဖြစ်ပြီး လူကုန်ကူးမှုဥပဒေနဲ့ ငြိစွန်းရင် အရေးယူသွားမယ်လို့ ပြောပါတယ်။

မနေ့က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ထဲက အနောက်ရဲ ဒုက္ခသည်စခန်းထဲမှာ ရဲတပ်ဖွဲ့ဝင်တွေက အဲဒီမွတ်စလင်နှစ်ဦးကို သွားရောက်ဖမ်းဆီးစဉ် စခန်းထဲက ရာနဲ့ချီတဲ့ မွတ်စလင်တွေက ပြန်လည်ခုခံကြတဲ့အတွက် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရာမှာ မွတ်စလင် ၄ ဦး သေနတ်ကျည် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က ဥပဒေအရ သွားရောက်ဖမ်းဆီးချိန်မှာ အကူအညီမပေးဘဲ နှောင့်ယှက်သူတွေကို စိစစ်ပြီး အရေးယူတာတွေ လုပ်ဆောင်မယ်လို့လည်း ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်အနေနဲ့ အနောက်ရဲ ဒုက္ခသည်စခန်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုသတင်းတွေနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်မိကြောင်းနဲ့ ကုလသမဂ္ဂအနေနဲ့ ဒီအခြေအနေအပေါ်မှာ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားနိုင်ငံကိုသွားဖို့ ကြိုးစားတဲ့ မွတ်စလင် ဒုက္ခသည် ၁၀၆ ဦးကို လူမှောင်ခိုတင်ပို့လိုက်သူတွေလို့ ယူဆရတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အနောက်ရဲ ဒုက္ခသည်စခန်းက မွတ်စလင် နှစ်ဦးကို စစ်ဆေးနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းက အခုလိုပြောပါတယ်။

"သူတို့ဥပဒေနဲ့ အရေးယူမှာပေါ့ အဲဒီဖမ်းဆီးထားတဲ့ ပွဲစား နှစ်ယောက်ပေါ့။ လောလောဆယ်တော့ စစ်နေတုန်းပါ။ လောလောဆယ် အပြင်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဘယ်ကဏ္ဍကနေ ဘယ်လို ပါဝင်ပတ်သက်လဲဆိုတာ သူ့ကိုစစ်ဆေးပြီးမှ ဘာနဲ့ ငြိစွန်းလဲ၊ အဲဒီအပေါ်မှာ ပုဒ်မတပ်ပြီးတော့ အရေးယူမှာပါ။ ကျနော်တို့ကတော့ တရားဥပဒေနဲ့အညီ တရားခံကိုသွားပြီးတော့ ထိန်းသိမ်းခေါ်ဆောင်တာမှာ လာရောက်နှောင့်ယှက်တယ်။ အနှောင့်အယှက်ပြုတယ် ကူညီပေးတာမလုပ်ဘူးဆိုရင် ဒါကတော့ စီစစ်ပြီးမှအရေးယူမှာပါ"

မနေ့က သူတို့နှစ်ဦးကို သွားရောက်ဖမ်းဆီးစဉ် နှောင့်ယှက်တားဆီးခဲ့ကြသူတွေကို သေနတ်ပစ်ဖောက် လူစုခွဲရာမှာ သေနတ်ထိမှန်ပြီး ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

ဒီလူတွေရဲ့ အခြေအနေဟာ ဒီနေ့မှာ ကောင်းမွန်နေပြီလို့ ဆင်တက်မော် ရဲကင်း စခန်းမှူး ရဲအုပ် ကျော်စိန် က ပြောပါတယ်။

"လက်ရှိအချိန်ထိ အေးဆေးပါ။ အခုလောလောဆယ် အေးဆေးပါ အားလုံးအေးဆေးပါ။ စစ်တွေဆေးရုံတော့ တစ်ယောက်ယူသွားပါပြီ။ သူတို့လည်း အခြေအနေကောင်းတယ်လို့ ပြောပါတယ်။ ကျနော်တို့က ပေါက်တောမြို့နယ်ထဲကဆိုတော့ တရားခံက ပေါက်တောမြို့နယ် ရဲစခန်းမှာ ထားပါတယ်"

နိုဝင်ဘာလ ၁၆ရက်နေ့က ကျောက်တန်းမြို့နယ်ထဲ ရောက်ရှိလာတဲ့ လှေတစ်စီးပေါ်မှာ ရိုဟင်ဂျာ မွတ်စလင် ၁၀၆ ဦး လိုက်ပါလာကြပြီး သူတို့ဟာ စစ်တွေမြို့က သက္ကယ်ပြင်၊ ဆေးသမားကြီး၊ ဒါးပိုင်၊ ဘာဆာရာ၊ သံထော်လီ၊ ဆင်တက်မော်၊ ဘောထူပနဲ့ သဲချောင်းကြီးစတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည်တွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့တွေထဲမှာ ယောက်ျားအယောက် ၅၀၊ မိန်းမအယောက် ၃၁ ယောက်နဲ့ ကလေး ၂၅ ယောက် ပါဝင်ကြပြီး ပွဲစားတွေကို တစ်ဦးကျပ် ၅ သိန်းနှုန်းနဲ့ ပေးပြီး လိုက်ပါခဲ့ကြရတယ်လို့ သိရပါတယ်။

သူတို့တွေကို ပေါက်တောမြို့နယ် အနောက်ရဲ ဒုက္ခသည်စခန်းထဲက မွတ်စလင် နှစ်ဦးကနေ လူမှောင်ခို ပွဲစားလုပ်ခဲ့တယ်ဆိုပြီး ပြောဆိုမှုတွေ ရှိတာကြောင့် အဲဒီဒုက္ခသည်စခန်းထဲမှာ ရဲတပ်ဖွဲ့ဝင်တွေက မနေ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မွတ်စလင် နှစ်ဦးကို ဖမ်းဆီးစဉ် စခန်းထဲမှာ နေထိုင်ကြတဲ့ မွတ်စလင်တွေက ရဲတပ်ဖွ့ဲဝင်တွေကို ကိုယ်ထိလက်ရောက် နှောင့်ယှက် ရန်မူခဲ့တဲ့အတွက် သေနတ်နဲ့ ပစ်ဖောက်လူစုခွဲခဲ့ရတာလို့ ရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။

အနောက်ရဲ ဒုက္ခသည်စခန်း တာဝန်ခံ ဦးနိုရာလောင်ကတော့ မနေ့က ရဲတပ်ဖွဲ့နဲ့ ဒုက္ခသည်တွေအကြား ဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"ရဲတွေကနေပြီးတော့ ကျနော်တို့ အပြင်မှာသွားတွေ့လိုက်တယ်။ သူတို့ကိုခေါ်လာတယ်။ အဲဒီအချိန်မှာ ကလေးတွေ မိန်းမတွေ ဆူကြတယ်ဗျ၊ များပြီးသွားတဲ့အခါနေပြီးတော့ သူတို့က တာပေါ် ကနေ သေနတ်ဖောက်တယ် လူ ၄ ယောက်မှာကျသွားတယ်။ အဲဒီနှစ်ယောက်ကိုဖမ်းသွားတယ်။ ပေါက် တောမြို့နယ် ရဲစခန်းမှာ ခေါ်သွားတယ်ခင်ဗျ"

အဲဒီ ဒုက္ခသည်စခန်းဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပွားအပြီး နေရပ်စွန့်ခွာထွက်ပြေးသူတွေကို ထိန်းသိမ်းထားတဲ့စခန်းဖြစ်ကာ စခန်း တာဝန်ခံ ပြောပြချက်အရ မွတ်စလင် လူဦးရေပေါင်း ၅ ထောင်နီးပါးအထိ ရှိတယ်လို့ သိရပေမယ့် ဒေသခံတွေကတော့ တစ်သောင်းနီးပါးအထိ ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

အဲဒီ ဒုက္ခသည်စခန်းက မွတ်စလင်တွေကို ရဲတပ်ဖွဲ့က မထိန်းချုပ်နိုင်တဲ့အတွက် ဒေသလုံခြုံရေး စိုးရိမ်ရတယ်လို့ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။

"လုံခြုံရေးပိုင်းကတော့ နဲနဲစိုးရိမ်ရတဲ့ အနေအထားမှာ ရှိမှာပေါ့။ ဒုက္ခသည်စခန်းကကောင်တွေက ရိုင်းတယ်ဗျ။ ရဲတောင် လုပ်တယ်ဆိုတော့ ဖရုံကာကျွန်းကရွာတွေက မြစ်ပြင်ဖြတ်ပြီးတော့ စစ်တွေဘက်ကူးလူး ဆက်သွယ်နေတဲ့ ဒေသခံတွေရဲ့ စက်လှေတွေအတွက် စိုးရိမ်ရပါတယ်။ အဲ့ကောင်တော့ကထွက်ပြီးတော့ ရန်မူမယ်။ ဥပဒေကျူးလွန်သူတွေကို ရဲတွေကသွားဖမ်းရင် ဒီဒုက္ခသည်စခန်းကကောင်တွေက အဲလိုမဟုတ်ဘူးဗျ။ ကျနော်တို့ဒေသက ကျွဲတွေ၊ နွားတွေ ပျောက်တယ်။ အဲ ကျွဲတွေ နွားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မှောင်ခိုကူးနေတာ။ အဲ့နေရာကထွက်နေတာပဲ။ ဘယ်လိုမှ ထိန်းချုပ်လို့မရဘူးဖြစ်နေတယ်"

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်က မနေ့က အနောက်ရဲ ဒုက္ခသည်စခန်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုသတင်းတွေနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်မိကြောင်း၊ ဒီစခန်းဟာ ၂၀၁၂ ခုနှစ်က အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးသွားသူတွေကို ထိန်းသိမ်းထားတဲ့စခန်း ဖြစ်ကြောင်း၊ အခြေအနေကို အကြမ်းဖက်မှုမပါဘဲ တည်ငြိမ်စွာနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း၊ ကုလသမဂ္ဂအနေနဲ့ ဒီအခြေအနေအပေါ်မှာ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကျောက်တန်းမြို့မှာ ထိန်းသိမ်းထားတဲ့ အဲဒီမွတ်စလင်ဒုက္ခသည် ၁၀၆ ဦးကိုတော့ ရေတပ်က သင်္ဘောနဲ့ သာကေတကနေတစ်ဆင့် စစ်တွေမြို့ကို မနေ့က ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ပြီး လမ်းခရီးက ၃ ရက်ခန့် ကြာမြင့်မယ်လို့ သိရပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။