တောင်သာမြို့နယ်မှာ CDM ဝန်ထမ်းတစ်ဦး အပါအဝင် သုံးဦး အဖမ်းခံထားရ
2023.09.14

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ဖမ်းဆီးခံထားရတဲ့ အမျိုးသား သုံးဦး စက်တင်ဘာ ၁၄ ရက်နေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်သာမြို့နယ်က တံတား (အနောက်) ရွာက ကိုဝင်းဘိုနဲ့ ရေခါးရွာက ကိုစိုးဝင်းတို့ စက်တင်ဘာ ၁၁ ရက်နေ့က အဖမ်းခံရပြီး၊ စံဦးရွာက ကိုအောင်ကျော်မိုးကတော့ စက်တင်ဘာ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရတာလို့ ပြောပါတယ်။
တံတား (အနောက်) ရွာက ကိုဝင်းဘိုရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ကားနှစ်စီးနဲ့ လာရောက်ဖမ်းဆီးခဲ့သလို၊ ရေခါးရွာက ကိုစိုးဝင်းရဲ့ နေအိမ်ကိုလည်း ရုံစည်ကြီးရဲစခန်းက ရဲတွေနဲ့ စစ်သားအများအပြား ကားတစ်စီးနဲ့ ရုတ်တရက်ရောက်လာပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်သွယ်တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ လာဖမ်းသွားတာလို့ တောင်သာလူထုလှုပ်ရှားမှုကော်မတီ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"တံတားရွာသား ကိုဝင်းဗိုလ်နဲ့ ရေခါးက ကိုစိုးဝင်းကတော့ PDF တွေနဲ့ အချိတ်အဆက်ရှိတယ်ဆိုပြီး တိုင်သူရှိလို့ အဖမ်းခံရတယ်။ ကိုအောင်ကျော်မိုး ကတော့ KTV မှာ ရုတ်တရက် စစ်ဆေးတယ်၊ အဲဒီ KTV မှာ ခဏခဏ အဖမ်းခံရဖူးတယ်ဗျ။ တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီးခံရတာများတယ်"
စက်တင်ဘာ ၉ ရက်နေ့ကတည်းက အဖမ်းခံထားရတဲ့ စံဦးရွာက ကိုအောင်ကျော်မိုး ကတော့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူတို့ သုံးဦးကို ဘယ်မှာဖမ်းဆီးခံထားတယ်ဆိုတာကို အခုချိန်ထိ အတိအကျ မသိရသေးသလို အာဏာပိုင်တွေက မိသားစုတွေထံ အကြောင်းကြားတာမျိုးလည်း မရှိသေးဘူးလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဒီနေ့ ညနေပိုင်းက ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၁၃ ရက်နေ့ထိ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရသူ ၁၉,၄၅၄ ဦး ရှိပါတယ်။