AA ကို ဆေးဝါးရောင်းချမှုစွပ်စွဲချက်နဲ့ ကျောက်ဖြူဒေသခံ လေးဦး ဖမ်းဆီးခံရ

RFA Burmese
2024.02.04
AA ကို ဆေးဝါးရောင်းချမှုစွပ်စွဲချက်နဲ့ ကျောက်ဖြူဒေသခံ လေးဦး ဖမ်းဆီးခံရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တစ်နေရာကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က စံပြဆေးဆိုင်ပိုင်ရှင် အပါအဝင် လေးဦးဟာ ရက္ခိုင့်တပ်တော် (AA) ကို ဆေးဝါးရောင်းချခဲ့တယ်ဆိုပြီး စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၃ရက် ညနေပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စံပြဆေးဆိုင်ပိုင်ရှင် အသက် ၄၀ အရွယ် ဒေါ်ညိုညိုနဲ့ ညီမဖြစ်သူ မဝင်းမာ၊ အရောင်းဝန်ထမ်းတစ်ဦးတို့အပြင် စေတီတောင်ရပ်ကွက်၊ ခေမာလမ်းမှာ နေထိုင်တဲ့ ကိုဝင်းကျော် တို့ ဖမ်းဆီးခံရတာပါ။

ဆေးဆိုင်ကို စစ်ကောင်စီတပ် အင်အားနှစ်ဆယ်ကျော်နဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးဝါးတွေကိုလည်း သိမ်းယူသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စံပြဆေးဆိုင်ဆိုတာကလည်း ဖွင့်ထားတာ ဆယ်စုနှစ်တစ်ခုလောက် ရှိနေပြီ။ အခုက AAကို ဆေးဝါးရောင်းချတယ်၊ ထောက်ပံ့တယ်လို့ စွပ်စွဲပြီး သူတို့မသင်္ကာတဲ့ လူမှန်သမျှ ဖမ်းတော့တာပဲ။ အဲဒီနေ့ညနေပိုင်းမှာ ဆေးဆိုင်တွေကို အကုန်ဝင်ရှာတယ်၊ ဖမ်းတယ်။ တချိူ့ဆိုင်တွေက ကြိုရှောင်လို့ အဖမ်းမခံကြရဘူး။ အခုအခြေအနေက ဘယ်သူမှတောင် အသက်ဝဝ မရှူရဲဘူး"

ဖမ်းဆီးခံရသူတွေကို ကျောက်ဖြူမြို့နယ် ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ သူက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းက ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဆိုင်တွေအနေနဲ့ ဆေးကို သုံးရက်စာထက် ပိုမရောင်းဖို့ စစ်ကောင်စီဘက်က ဖေဖော်ဝါရီလ ၃ရက်မှာပဲ ညွှန်ကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ မဖြေဆိုပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်လို့ လူပေါင်း နှစ်သောင်းကျော် (၂၀,၀၁၃ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အဲဒီထဲက ကိုးထောင်နီးပါး (၈၆၉၃ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။