ချောင်းဦးမှာ စစ်ကြောင်းက အရပ်သား ငါးဆယ်ခန့်ကို ဖမ်းထား
2023.12.14

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ ဒီဇင်ဘာလ ၁၄ ရက် မနက်ပိုင်းကစလို့ ချောင်းဦးမြို့ပေါ်ကနေ မြို့အနောက်ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့အတူ အရပ်သား ငါးဆယ်ခန့်ကို ဖမ်းခေါ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၁၈၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်အတွင်း ချောင်းဦးမြို့နဲ့ အနီးတစ်၀ိုက်ရွာတွေက ဒေသခံတွေကို ကြိုတင်စုဆောင်း ဖမ်းခေါ်ထားပြီး ဒီနေ့စစ်ကြောင်းထွက်စဉ်မှာ တစ်ပါတည်း ခေါ်ဆောင်လာတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ခင်မွန်ရော၊ အောင်ချမ်းသာရွာရော၊ ချောင်းဦးမြို့ပေါ်ရော အစုံပဲ ဖမ်းထားတာက။ ကားသမားတွေရော၊ စပါယ်ယာတွေရော ပေါ်တာဆွဲတဲ့သဘော အကုန်ဖမ်းပြီးတော့ အရင်စုထားတာ။ ဒီနေ့စစ်ကြောင်းထွက်တော့ ဖမ်းထားတဲ့သူတွေကို အင်္ကျီအဖြူတွေ ဝတ်ခိုင်းပြီး စစ်ကြောင်းအရှေ့ဆုံးမှာ တင်ထားတယ်"
ဖမ်းဆီးခံရသူတွေဟာ ဘယ်ရွာတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာ အသေးစိတ် မသိရသေးပါဘူး။
လက်ရှိမှာ စစ်ကြောင်းထွက်ရာ လမ်းတစ်လျှောက်မှာရှိတဲ့ မြောက်တော၊ ရှမ်းထူး၊ ညောင်ပင်တဲ၊ ပေါက်ပင်၊ ထူးနီ တောင်ဖီလာ စတဲ့ရွာတွေက ဒေသခံ ခြောက်ထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း အဲဒီဒေသခံက ပြောပါတယ်။
စစ်ကြောင်းထွက်လာစဉ် ဒီဇင်ဘာလ ၁၄ ရက် မနက်ပိုင်းမှာလည်း ရပ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ပေါက်ပင်ရွာက အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရသေးပါဘူး။
လက်ရှိမှာတော့ စစ်ကြောင်းဟာ ညောင်ပင်တဲရွာနဲ့ ရှမ်းထူးရွာအကြားကိုရောက်နေပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒီတိုက်ပွဲမှာပါဝင်နေတဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"အခုညောင်ပင်တဲကနေ ရှမ်းထူးကို သူတို့ထွက်လာပြီး ပစ်နေကြပြီ။ ကျွန်တော်တို့အခု တိုက်ပွဲထဲမှာ"
နိုဝင်ဘာလ ၄ ရက်နေ့ကတော့ စစ်ကိုင်တိုင်း၊ ချောင်းဦးမြို့အထွက် မုံရွာ-မန္တလေး ကားလမ်းပေါ်က မြပုလဲ စစ်ကောင်စီဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီနောက် ချောင်းဦးမြို့နယ်မှာ တိုက်ပွဲတွေငြိမ်နေခဲ့ပြီး ဒီနေ့စစ်ကြောင်းထွက်လာစဉ် တိုက်ပွဲတွေပြန်ဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့စစ်ကြောင်းကတော့ ချောင်းဦးမြို့နဲ့ ရှစ်မိုင်ခန့်ဝေးတဲ့ စစ်တပ် အမြဲတမ်းအ ထိုင်ချထားတဲ့ ကင်းမွန်းတော်ရွာကိုသွားရောက်ဖို့အတွက် စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောကြပါတယ်။