ဖားကန့် ဆိုင်းဖရာရွာက လူ ၅၀ နီးပါး အဖမ်းခံရ

RFA Burmese
2023.04.19
ဖားကန့် ဆိုင်းဖရာရွာက လူ ၅၀ နီးပါး အဖမ်းခံရ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းဖရာရွာအနီးမှ နန့်ယားကျေးရွာကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့‌က တွေ့ရစဉ်။
Photo: RFA

ဧပြီ ၁၈ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းဖရာရွာက ဒေသခံ ၅၀ နီးပါးကို စစ်ကောင်စီတပ်က ကားနဲ့ ဖမ်းခေါ်သွားပြီး အဲဒီကား တိုက်ခိုက်ခံရတာကြောင့် အဖမ်းခံထားရတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

နောက်ထပ် အမျိုးသား လေးဦး ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ဧပြီ ၁၈ ရက် မနက်ပိုင်းက ဖားကန့်မြို့နယ် ဆိုင်းဖရာရွာကို စစ်ကောင်စီတပ် ဝင်ရောက်လာပြီး အမျိုးသမီးတွေ အပါအဝင် လူ ၅၀ နီးပါးကို လူသားဒိုင်းအဖြစ် ကားနဲ့တင်ခေါ်သွားစဥ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က မိုင်းထောင် တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဆုံးသွားတဲ့ မိန်းကလေးက အင်ဒွပ်ဆိုင်းနူးမိုင်လို့ ခေါ်ပါတယ်။ နေရာမှာတင် ပွဲချင်းပြီး ဆုံးတယ်။ ကျန်ဒေသခံ လေးဦးကတော့ ထိခိုက်ဒဏ်ရာရပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ သူတို့ နာမည်တွေလည်း အတိအကျ မသိရသေးဘူး။ ဆိုင်းဖရာရွာကို စစ်တပ်က ဝင်မွှေပြီး ဒေသခံတွေကို ၁၂ ဘီးကားပေါ်တင်ပြီး သူတို့နဲ့အတူတူ ခေါ်ဆောင်သွားတာပေါ့။ လူသားဒိုင်းအဖြစ် ဖမ်းသွားတာပဲလေ"

သေဆုံးသူဟာ အသက် ၂၈ နှစ်အရွယ် အင်ဒွပ်ဆိုင်းနူးမိုင် ဖြစ်တယ်လို့သာသိထားပြီး ဒဏ်ရာရသူ လေးဦးနဲ့ ကျန်အဖမ်းခံရသူတွေရဲ့ အသက်အရွယ်နဲ့ အမည်တွေကို အတိအကျ မသိရသေးဘူးလို့လည်း အဲဒီဒေသခံက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ စစ်တပ်က ကားကို မိုးကာအလုံအုပ်ပြီး ရွာသားတွေကို ဖမ်းခေါ်လာတာမသိတဲ့အတွက် မူလစီစဉ်ထားတဲ့ အတိုင်း တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

"မသိပါဘူး။ ယာဉ်တန်းတွေ အကုန်လုံးက မိုးကာအပြာတွေ အုပ်လာတာပေါ့။ ဒါကြောင့် ကျနော်တို့ဘက်က ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ဖောက်ခွဲရေး လုပ်ခဲ့တာပေါ့။ ဒေသခံတွေပါလာတာသိရင် ဘယ်လုပ်မှာလဲ၊ ကျနော်တို့ ဒေသခံတွေ နစ်နာအောင်၊ ထိခိုက်အောင် ဘယ်တုန်းကမှ မလုပ်ပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း သူတို့က မထင်ရင်မထင်သလို ဒေသခံတွေဖမ်းခေါ်ပြီး ရှေ့ဆုံးက သွားခိုင်းတာ။ အန္တရာယ်ရှိတဲ့ နေရာတွေကို ကူးဖြတ်ခိုင်းတာတွေက အမြဲလုပ်လာတယ်"

ဘာကြောင့် ရွာသား ၅၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားသလဲဆိုတာ သိနိုင်ဖို့ ကချင်ပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်းမပြန်သလို၊ စစ်ကောင်စီကလည်း သတင်းမထုတ်ပြန်သေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဧပြီ ၁၈ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ လူ ၃,၄၀၈ ဦး သေဆုံးပြီး၊ ၁၇,၄၉၉ ဦး အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။