AA နှင့် ဆက်စပ်သည်ဟုဆိုကာ မအီမြို့က လုပ်ငန်းရှင် ငါးဦး အမှုဖွင့်ခံရ
2023.03.09
ရခိုင်ပြည်နယ်၊ မအီမြို့မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ ဆက်စပ်တယ်ဆိုပြီး စီးပွားရေး လုပ်ငန်းရှင် ငါးဦးကို မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇ (၁)နဲ့ မအီမြို့ ရဲစခန်းမှာ စစ်ကောင်စီက အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ကာယကံရှင်တွေက RFA ကို ဒီနေ့ ပြောပါတယ်။
မအီမြို့က ဆောက်လုပ်ရေးပစ္စည်းဆိုင်ပိုင်ရှင်၊ တည်းခိုခန်းပိုင်ရှင်နဲ့ ကုန်သည်တွေ ဖြစ်ကြတဲ့ ဦးထွန်းဝင်း၊ ဦးမောင်ထွန်းသိန်း၊ ဦးတင်ထွန်း၊ ဦးတင်ဝင်းနဲ့ ဦးဇာနည်မင်းတို့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံထားရတာ ဖြစ်ပါတယ်။
သူတို့ငါးဦးစလုံးဟာ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကတည်းက ဝရမ်း ထုတ်ခံ ထားရတာ ဖြစ်ပြီး လက်ရှိမှာတော့ အားလုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အမည်မဖော်လိုတဲ့ ကာယကံရှင်တစ်ဦးက ပြောပါတယ်။
"မအီက လုပ်ငန်းရှင်တစ်ယောက် တောင်ကုတ်တရားရုံးမှာ အမှုရင်ဆိုင်နေရတာရှိတယ်။ သူ့ရဲ့ထွက်ဆိုချက်နဲ့ ကျနော်တို့ကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး အခုလို ဝရမ်းထုတ်တာ လို့ သိရတယ်။ ကျနော်တို့ကတော့ ကိုယ့်စီးပွားရေးကို ကောင်းကောင်းမွန်မွန် လုပ်ကိုင်နေတာပါ။ ဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သက်တာမျိုးမရှိပါဘူး။ အခုတော့ အားလုံး ထွက်ပြေးတိမ်းရှောင်နေရပါတယ်"
တောင်ကုတ်ခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ဦးထွန်းကြွယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်ကောင်စီတပ်နဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာပါ။
အဲဒီနောက်ပိုင်းမှာ AA နဲ့ ဆက်စပ်တယ်ဆိုပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ - ၁၇(၁)နဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အခုလို မအီမြို့က လုပ်ငန်းရှင်ငါးဦး အမှုဖွင့် ဝရမ်းထုတ်ခံထားရတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီဟာ ရခိုင်က စီးပွားရေးလုပ်ငန်းရှင်တွေကို ULA/AA ကို ကူညီထောက်ပံ့တာ တွေကို မလုပ်ဖို့ ၂၀၂၂ ခုနှစ်က စက်တင်ဘာလက စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်ကောင်စီရုံး ကို ခေါ်ယူသတိပေးတာတွေ လုပ်ခဲ့ဖူးပါတယ်။
ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲ၊ မောင်တောစတဲ့ မြို့နယ်တွေမှာ ပြည်သူတွေအနေနဲ့ ULA/AA နဲ့ မပတ်သက်ဖို့၊ အထောက်အပံ့တွေမပေးဖို့နဲ့ AA ဟာ တရားမဝင်အဖွဲ့ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောဆိုမှုတွေကြောင့် တိုက်ပွဲလမ်းကြောင်းပေါ်ကို အချိန်မရွေး ပြန်ရောက်သွားနိုင်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က AA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားပါတယ်။