ဖြူးမြို့မှာ လမ်းသွားလမ်းလာ ဒေသခံ ခြောက်ဆယ်ခန့် ဖမ်းဆီးခံရ

RFA Burmese
2024.04.22
ဖြူးမြို့မှာ လမ်းသွားလမ်းလာ ဒေသခံ ခြောက်ဆယ်ခန့် ဖမ်းဆီးခံရ ပဲခူးတိုင်း၊ ဖြူးမြို့တစ်နေရာကို မြင်ရစဉ်။
mohigan

ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးမြို့မှာ ဧပြီလ ၂၁ ရက်နေ့က လမ်းသွားလမ်းလာ ဒေသခံ ခြောက်ဆယ်ခန့်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြူးမြို့အနီး ညောင်ပင်သာရွာ၊ ဆားကွင်းလမ်းဆုံနဲ့ ဖြူးမြို့တွင်း ရဲစခန်းရှေ့ စတဲ့သုံးနေရာမှာ စစ်ကောင်စီတပ်က ဆိုင်ကယ်တွေကို ရှာဖွေစစ်ဆေးပြီး ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနေ့က နေရာ သုံးနေရာလောက်မှာ ဆိုင်ကယ်တွေ ရပ်တန့်ရှာဖွေတယ်။ မိန်းကလေးဆို ပြန်လွှတ်တယ်ပေါ့။ အသက်ကြီးတဲ့သူ ပြန်လွှတ်တယ်။ ဒါပေမဲ့ ယောက်ျားလေးတွေကို ဖမ်းဆီးသွားတယ်"

ဖမ်းဆီးခံရသူတွေကို တောင်ငူမြို့ကို ပို့ဆောင်လိုက်ပေမယ့် ဘာကြောင့် အခုလိုဖမ်းဆီးသွားလဲဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဧပြီလ ၂၁ ရက်နေ့က ကညွတ်ကွင်းမြို့နဲ့ ညောင်ပင်သာရွာကြားမှာတော့ ဓားပြတိုက်မှုတစ်ခုဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်းကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ရာမှာ သူ့အနေနဲ့ ဒီအကြောင်းကို မသိသေးဘူးလို့ အကြောင်းပြန်ဖြေဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကလည်း ဖြူးမြို့၊ ကော်ပတ်ခြံ (၁) လမ်းက လူငယ်ခြောက်ဦးကို စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) လို့ စွပ်စွဲဖမ်းဆီးပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။