ကန့်ဘလူမြို့နယ် အင်ငုတ္တိုရွာခံနှစ်ဦး စစ်ဘေးရှောင်ရင်း ဖမ်းဆီးသတ်ဖြတ်ခံရ

RFA Burmese
2024.02.12
ကန့်ဘလူမြို့နယ် အင်ငုတ္တိုရွာခံနှစ်ဦး စစ်ဘေးရှောင်ရင်း ဖမ်းဆီးသတ်ဖြတ်ခံရ ၂ဝ၂၂ ခုနှစ်၊ ဇွန်လအတွင်း မီးရှို့ခံထားရသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်ငုတ္တိုရွာရှိ နေအိမ်အချို့ကို တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်ငုတ္တိုရွာခံနှစ်ဦးဟာ ဖေဖော်ဝါရီလ ၁၀ ရက် မနက်ပိုင်းမှာ စစ်ရှောင်ဖို့တောထဲအသွား စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ လမ်းမှာတိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၄၅ နှစ်အရွယ် ဦးသိန်းမြင့်နဲ့ အသက် ၂၉ နှစ်အရွယ် ကိုချိုသန်းတို့ဟာ ရွာမှာကျန်ခဲ့တဲ့ ကျွဲ၊ နွား၊ ဝက်တွေကို အစာပြန်ကျွေးပြီး စစ်ရှောင်ဖို့တောထဲပြန်အထွက်မှာ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာလို့ ဆိုပါတယ်။

ချပ်ကြီးရွာ ပျူစောထီးအထိုင်စခန်းကနေ စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၅၀ ခန့်ပါ ခြေမြန်တပ်ရင်း ခမရ - ၃၆၁ နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်တာလို့ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်အတွင်းက စစ်ရေးသတင်းတွေကို ဖော်ပြပေးနေတဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားပါတယ်။

သေဆုံးသူနှစ်ဦးမှာ ရိုက်နှက်ခံထားတဲ့ ဒဏ်ရာတွေအပြင် သေနတ်နဲ့ပါ ပစ်သတ်ခံလိုက်ရတာလို့ ဒီအခြေအနေကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ကန့်ဘလူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ဘေးသွားရှောင်ရင်း စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးသတ်ခံလိုက်ရတာပေါ့။ ဒီဘက်မှာ စစ်ဘေးရှောင်တယ်ဆိုရင် တစ်စုတည်းမရှောင်ဘူးလေ။ ကိုယ့်တောတိုက်ထဲကို ကိုယ်ရှောင်တာ။ ကိုချိုသန်းဆိုရင် ခေါင်းကို ရိုက်ခံထားတဲ့အပြင် သေနတ်နဲ့ ပစ်သတ်ခံထားရတယ်လို့ ပြောတယ်။ အခုလည်း သူတို့ကို သတ်သွားတဲ့စစ်ကြောင်းက ချပ်သင်းဘေးမဲ့တောနားမှာတဲ့။ တော်လှန်အဖွဲ့တွေက လိုက်ရှာနေကြတယ်။ ဒီနေ့လည်း ပေကုန်းရွာကနေ ဟောင်ဝှစ်ဇာနဲ့ ရမ်းပစ်နေတော့ နီးတဲ့ရွာ အကုန်ပြေးနေရတယ်"

အင်ငုတ္တိုရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ၂၀၂၂ ခုနှစ်၊ ဇွန်လက ပထမအကြိမ်မီးရှို့ခဲ့လို့ နေအိမ် ၁၇၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်မှာ ထပ်မံမီးဝင်ရှို့ခဲ့တာကြောင့် နေအိမ် သုံးဆယ်ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်ကစပြီး ကန့်ဘလူမြို့နယ်ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ရွာတွေထဲ စစ်ကြောင်းထိုးနေသလို နှစ်ဖက်တိုက်ပွဲပါ ဖြစ်နေတာကြောင့် အင်ငုတ္တို၊ တမာကုန်း၊ ပိတောက်ပင်၊ အုတ်ကျင်း၊ ဇီးကုန်းအပါအဝင် ရွာပေါင်း ၃၆ ရွာက ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဝေးသွားတဲ့ ရွာတချို့က ပြည်သူတွေ ရွာထဲပြန်ဝင်နေကြပြီဖြစ်ပေမယ့် အများစုကတော့ ရှောင်တိမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။