ဘူးသီးတောင်နဲ့ ကျောက်ဖြူမှာ ဒေသခံကိုးဦး ဖမ်းဆီးခံရ
2024.04.12
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေက ဒေသခံကိုးဦးကို စစ်ကောင်စီတပ်က ဧပြီလ ၉ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်မြို့နယ် စိုင်းဒင်ရေတံခွန်အထက်ပိုင်းမှာနေကြတဲ့ ခမီလူမျိုးငါးဦး စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ-၅၅၁ အနီးက အင်ကြင်းမြိုင်ရွာကို အလည်အပတ်ရောက်နေစဉ် ဧပြီလ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့က စိုင်းဒင်ဘက်ကလို့ သိရတယ်။ အင်ကြင်းမြိုင်ရွာကို အလည်ရောက်နေတဲ့အချိန်မှာ ၅၅၁ က ဖမ်းဆီးသွားတာ။ ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ မသိရဘူး။ မိသားစုတွေနဲလည်း အဆက်အသွယ်မရ ဖြစ်နေတယ်လို့ ပြောတယ်”
ဖမ်းဆီးခံရသူတွေက ဒေါ်စိန်ခေါင်၊ ဦးသန်းမောင်၊ ဦးထွန်းအောင်၊ ဦးဝေသာမောင်နဲ့ ဦးရွှေလှတို့ ဖြစ်ကြပါတယ်။
ကျောက်ဖြူမြို့နယ်မှာတော့ ကုလာဘာရွာက ကိုဇင်မြင့်ထွန်း၊ ကိုတင်မောင်နိုင်၊ ကိုချမ်းမြင့်ဇော်နဲ့ ကိုနေတိုးတို့ လူငယ်လေးဦးကို စစ်ကောင်စီတပ်က ဧပြီလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
အသက် ၂၀ ဝန်းကျင်ရှိကြတဲ့ ဒီလူငယ်လေးဦးကို ကျောက်ဖြူမြို့နယ် စည်မော်ရွာလမ်းဆုံမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်ပြီး ဒီနေ့အထိ မိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကတော့ အခုဖမ်းဆီးမှုအခြေအနေတွေကို မသိရသေးကြောင်း RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် တိုက်ပွဲပြင်းထန်နေတာ ငါးလခန့်ရှိလာပြီး စစ်ကောင်စီတပ်ကလည်း AA နဲ့ ဆက်နွှယ်တယ်လို့ သံသယရှိသူတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။