ကျပ်သိန်းပေါင်းသန်းနဲ့ချီ မူးယစ်ဆေးဝါး ဖမ်းဆီးမှု သံသယရှိသူကို မောင်တောမှာ ဖမ်းမိ
2015.08.12

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာဝင်းအနီးမှာ ဖမ်းဆီးရမိထားတဲ့ ငွေကျပ်သိန်းပေါင်း တစ်သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးအမှုမှာ ဆက်စပ်တယ်လို့ သံသယရှိသူတစ်ဦးကို ရခိုင်ပြည်နယ် မောင်တော မြို့မှာ ဖမ်းမိပြီး ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက်တဲ့ အဓိကတရားခံနဲ့ ဆက်နွယ်သူတစ်ဦးကို ဖမ်းမိတာ ဖြစ်တယ်လို့ မင်္ဂလာဒုံမြို့နယ် ရဲစခန်းက စခန်းမှူး ရဲမှူးဝင်းရွှေ က ပြောပါတယ်။
"ဦးလှမောင်ဆိုသူနဲ့ အခုမောင်တောက ဖမ်းလာတယ်ဆိုတဲ့သူနဲ့တော့ ဟိုတုန်းက အဆက်အသွယ်ရှိတယ်ဆိုတဲ့ အပိုင်းရှိတယ်၊ သူ့ကိုမေးတော့ မသိဘူး ဆိုပြီးငြင်းတာပေါ့၊ အဓိက တရားခံတွေက ကျနော်တို့ သူနဲ့ဆက်နွယ်ရာကို စစ်ပြီးမှ ဖော်ရမယ့် သဘော ရှိတယ်၊ ဦးလှမောင်ကတော့ အဓိက တရားခံပေါ့၊ သူ့ကားပေါ်မှာမိတာကိုး"
မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာအိမ်ရာဝင်းအနီး ဘီးပေါက်နေတဲ့ ကုန်တင်ကားတစ်စီးပေါ်က ငွေကျပ်သိန်းပေါင်း တစ်သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို မင်္ဂလာဒုံမြို့မ ရဲစခန်းက ဇူလိုင်လ ၂၇ ရက်နေ့က ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီယာဉ်ပိုင်ရှင်ဖြစ်သူ ဦးလှမောင်ဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့မှာ နေထိုင်သူ ဖြစ်တယ်လို့ သိရပါတယ်။ ယာဉ်ပိုင်ရှင်ကို ဆက်လက်စုံစမ်းနေပြီး အဲဒီအမှု အတွက် မူးယစ်အထူးအဖွဲ့နဲ့ တိုင်း၊ ခရိုင်က မှုခင်းစစ်ဆေးရေး အဖွဲ့ပေါင်းစုံ ပူးပေါင်းစစ်ဆေးနေတယ်လို့ ရဲမှူးဝင်းရွှေက ပြောပါတယ်။