ပဲခူးရေဘေးကူညီဖို့ စီစဉ်နေသူ နှစ်ဦးထက်မနည်း ဖမ်းဆီးခံထားရ

RFA Burmese
2023.10.14
ပဲခူးရေဘေးကူညီဖို့ စီစဉ်နေသူ နှစ်ဦးထက်မနည်း ဖမ်းဆီးခံထားရ ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်‌နေ့က တွေ့ရစဉ်။
Photo: RFA

လူနှစ်သောင်းနီးပါး ရေဘေးဒုက္ခကြုံခဲ့ရတဲ့ ပဲခူးမြို့အတွက် ရေဘေးကူညီကယ်ဆယ်ရေး လုပ်ဖို့ စီစဉ်နေတဲ့ ကိုစောနိုင်ဦးနဲ့ ကိုဇင်ကိုဝင်း အပါအဝင် လူငယ်တချို့ကို အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ထဲမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက RFA ကိုပြောပါတယ်။

လှိုင်သာယာမြို့နယ်ကနေ ပဲခူးမြို့ကို ရေဘေးကယ်ဆယ်ရေးသွားဖို့ပြင်နေချိန် ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

ကိုစောနိုင်ဦးဟာ ငြိမ်းချမ်းရေးနဲ့ လူနည်းစုအခွင့်အရေးအတွက် ကြိုးပမ်းလှုပ်ရှားနေသူ တစ်ဦး ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုစောနိုင်ဦးရဲ့မိတ်ဆွေက RFA ကိုပြောပါတယ်။

"ပဲခူးရေဘေးကယ်ဆယ်ရေးလုပ်ဖို့ ပစ္စည်းတွေပြင်နေတုန်းမှာပဲ အဖမ်းခံလိုက်ရတာ။ ကိုစောနိုင်ဦးနဲ့ ကိုဇင်ကိုဝင်း အပါအဝင် လူငယ်တချို့လည်း အဖမ်းခံလိုက်ရတယ်။ တခြားအဖမ်းခံရသူတွေက ဘယ်သူတွေလဲဆိုတာတော့ မသိရသေးဘူး"

ဖမ်းဆီးခံရသူတွေနဲ့ မိသားစုတွေ အဆက်အသွယ် ရ၊ မရဆိုတာတော့ သူ့အနေနဲ့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဘာကြောင့်ဖမ်းဆီးခံရသလဲဆိုတာ တိတိကျကျသိရဖို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေကို RFA က ကြိုးစားဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကိုလည်း RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းဖမ်းဆီးခံရသူ ၁၉,၆၁၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။