ပြည်သူ့စစ် စုဆောင်းခံရတဲ့ အရပ်သား သုံးဆယ်ကျော်ကို PDF က ကယ်ထုတ်
2024.01.15

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ စုဆောင်းခံရတဲ့ အရပ်သားသုံးဆယ်ကျော်ကို စစ်ကောင်စီတပ်လက်ကနေ ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ် လို့ Black Dragon GBK-PDF ရဲ့ တပ်ခွဲမှူး ရိုးမနဂါးက ပြောပါတယ်။
အုတ်ဖိုမြို့နယ်၊ ကမ်းနီကျေးရွာနဲ့ ဆင်တဲကုန်းကျေးရွာက ဒေသခံ ငါးဆယ်ကျော်ကို ပြည်သူ့စစ်သင်တန်းတက်ဖို့ စစ်ကောင်စီတပ်က ကမ်းနီရွာထိပ်မှာ ဇန်နဝါရီလ ၁၃ ရက်က လူစုနေချိန် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ (၆) Black Dragon (GBK-PDF) နဲ့ ၃၈၀၁ တပ်ခွဲ (၁) YOMA (GBK-PDF) က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
စုဆောင်းခံရတဲ့ ပြည်သူ ငါးဆယ်ကျော်ထဲက သုံးဆယ်ကျော်ကိုပဲ ကယ်တင်နိုင်ခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
"ကျန်တဲ့ရွာတွေ မပါသေးဘူး။ ဒီရွာ နှစ်ရွာကပဲ ပြည်သူ့စစ်အတွက်ဆိုပြီး ရွာသူ၊ ရွာသားတွေကို အတင်းအဓမ္မခေါ်သွားတာ လူဦးရေ ငါးဆယ်ကျော်လောက်ရှိတယ်၊ အမျိုးသမီးတွေလည်းပါတယ်၊ ကျွန်တော်တို့ ကြားကနေဖြတ်ပြီး တိုက်ခိုက်နိုင်လို့ ပြန်ခေါ်လာနိုင်ခဲ့တာ သုံးဆယ်ကျော် လောက်ပဲရှိတယ်၊ စစ်ကောင်စီခေါ်သွားတာ နှစ်ဆယ်ကျော်လောက် ပါသွားသေးတယ်။ ရွာက အုပ်ကြီးတွေက လူစုမပေးလို့ဆိုပြီး သူတို့ စကစတွေ ကိုယ်တိုင်ဝင်ခေါ်သွားတာပါ"
ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်က ပြည်သူ့စစ်ဖွဲ့ဖို့ ဒေသခံတွေကို လိုက်လံ စုဆောင်းတာတွေ ပြုလုပ်နေပြီး တစ်ရွာကို ဆယ်ဦးကနေ ငါးဆယ်ဦးအထိ မဲစနစ်နဲ့ ရွေးချယ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ ဦးတင်ဦးကတော့ ဒေသခံတွေ ကိုယ့်ရပ်ရွာကို ကာကွယ်ဖို့ ဆောင်ရွက်နေတာလို့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။
စစ်ကောင်စီကလည်း နိုင်ငံတစ်ဝန်း တည်ငြိမ်မှုရစေဖို့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။