ပညာရေးကိစ္စ ဖမ်းဆီးခံရ သူတွေ ပြန်လွှတ်ရေး မိတ္တီလာမှာ ဆန္ဒပြ
2015.06.14

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို အမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့အတွက် မိတ္တီလာမြို့ မှာ ကျောင်းသူ ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၅၀ လောက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အဖမ်းဆီးခံကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို လွတ်မြောက်ဖို့အတွက် တောင်းဆိုခဲ့ကြတာလို့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ မိတ္ထီလာမြို့ခံ ကိုထိန်မင်းခိုင် က ပြောပါတယ်။
"ကြွေးကြော်သံတွေကတော့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးရယ်၊ ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေးရယ်၊ အကြမ်းဖက်မှုရပ်တန့်ရေးရယ်၊ တရားဥပဒေစိုးမိုးရေး၊ မတရားမှုပပျောက်ရေး၊ ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး၊ ဖမ်းဆီးခံ ဝန်းရံပြည်သူများလွတ်မြောက်ရေး၊ မြန်မာပြည်ငြိမ်းချမ်းသာယာရေးပေါ့၊ အားလုံးပေါင်းကြွေးကြော်သံ ၈ ချက်ပေါ့၊ အဲ့ထဲက အဓိက ၂ ချက်ကတော့ ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး၊ ဖမ်းဆီးခံဝန်းရံပြည်သူများ လွတ်မြောက်ရေးပါ"
ဆန္ဒပြသူတွေဟာ မိတ္ထီလာမြို့ နာရီစင်အနီး အောင်မင်္ဂလာ ဇာတ်ရုံကနေ ဗိုလ်ချုပ် အောင်ဆန်း ကျောက်တိုင် အထိ လမ်းလျှောက်ဆန္ဒပြကြပါတယ်။
ဒီနေ့ ဆန္ဒပြပွဲကို မိတ္ထီလာမြို့က ဒေသခံတွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဗကသ အဖွဲ့ဝင်တွေနဲ့ ရမည်းသင်း၊ မလိုင်နဲ့ ပျော်ဘွယ်မြို့ က ဒေသခံတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။