ဟားခါး Agape ဆေးရုံက CDM ကျန်းမာရေးဝန်ထမ်း ငါးဦး အဖမ်းခံရ
2023.05.24
ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ စျေးဟောင်းရပ်ကွက်က Agape ပုဂ္ဂလိကဆေးရုံမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တစ်ဦး အပါအဝင် CDM ကျန်းမာရေးဝန်ထမ်း ငါးဦးကို မေလ ၂၁ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရသူတွေကတော့ ဆရာဝန် ဒေါက်တာ စီစီလျာ၊ သူနာပြုတွေဖြစ်ကြတဲ့ မဟင်နီ၊ မခုပ်ရှန်လွန်၊ မဆန်ညှန်ဆုန်၊ မဗန်ညောင်မွှောလ် စတဲ့ အမျိုးသမီး ငါးဦး ဖြစ်ပါတယ်။
သူတို့ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် သိပ်မကြာခင်မှာဘဲ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့သူတွေ ဖြစ်ပါတယ်။
သူတို့ကို ဟားခါးမြို့ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး မိသားစုနဲ့ တွေ့ခွင့်ရပေမယ့် ဘာကြောင့် အခုလို ဖမ်းဆီးခံရသလဲဆိုတာကို အတိအကျ မသိရဘူးလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သူတို့ကို ညပိုင်းကြီးမှာ မေးစရာရှိလို့ဆိုပြီး လာဖမ်းသွားတာ။ ဒေါက်တာ အမျိုးသမီး တစ်ယောက်ရယ်၊ သူနာပြုဆရာမ လေးယောက်ရယ်ပေါ့။ အခု လောလောဆယ်တော့ ရဲစခန်းအချုပ်ထဲမှာ ရှိနေတယ်။ လာဖမ်းတဲ့အချိန်မှာ ဆေးရုံကိုလာတာ စစ်သား အင်အား များတယ်။ လာဖမ်းတဲ့အချိန်မှာပေါ့"
Agape ဆေးရုံဟာ ဟားခါး နှစ်ခြင်းခရစ်ယာန်အသင်းတော်က ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိ အထူးကုဆေးရုံ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ အဖမ်းခံရတဲ့ မေလ ၂၁ ရက် တစ်ညတည်းမှာတင် စစ်ကောင်စီတပ်က ဟားခါးတစ်မြို့လုံးကို လှည့်လည်ပြီး ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့ တာကြောင့် ၁၅ ဦးထက်မနည်း အဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဧပြီ ၂ ရက်နေ့ကလည်း Agape ဆေးရုံက ဆရာဝန် နှစ်ဦးနဲ့ ဝန်ထမ်း တစ်ဦး၊ စုစုပေါင်း သုံးဦးကို စစ်ကောင်စီတပ်က သူတို့ရဲ့ နေအိမ်တွေမှာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့ သုံးဦး ကိုတော့ ဟားခါးအခြေစိုက် ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF တွေ ဖမ်းဆီးထားတဲ့ စစ်ကောင်စီ အစိုးရအဖွဲ့ ဝန်ထမ်းတွေနဲ့ အလဲအလှယ် လုပ်ပြီးမှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ နှစ်နှစ်ကျော်အတွင်း ဆေးရုံ၊ ဆေးခန်းတွေကို သိမ်းယူတာနဲ့ တိုက်ခိုက်ဖျက်ဆီးမှုပေါင်း ၁၈၈ ကြိမ်၊ ဒီတိုက်ခိုက်မှုတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ လူနာတင်ယာဉ် ၅၉ စီးနဲ့ အဓမ္မသိမ်းယူခံရတဲ့ လူနာတင်ယာဉ် ၄၉ စီး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒီနှစ်နှစ်ကျော်အတွင်းမှာပဲ ကျန်းမာရေးဝန်ထမ်း ၇၁ ဦး အသတ်ခံရပြီး၊ ၈၃၆ ဦး ဖမ်းဆီးခံရကြောင်းလည်း NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။