ဆီဆိုင်မြို့ ထီဗွာရွာခံ ကိုးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း PNLA ပြော

RFA Burmese
2024.05.08
ဆီဆိုင်မြို့ ထီဗွာရွာခံ ကိုးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း PNLA ပြော တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ဆီဆိုင်မြို့တောင်ဘက် ကျေးရွာများမှ ဒေသခံများကို ၂၀၂၄ ခုနှစ်၊ မေလ ၈ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထီဗွာရွာခံ ကိုးဦးကို မေလ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဘက်က ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအပါအဝင် အမျိုးသမီး လေးဦးနဲ့ အမျိုးသား ငါးဦး ပါဝင်တယ်လို့ PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံက RFA ကို ပြောပါတယ်။

“အခုထိတော့ လွတ်လာတာ မရှိသေးပါဘူး။ အဖမ်းခံထားရတဲ့အထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးပါတယ်။ ဒါက တော်တော်ကို ဆိုးရွားတဲ့ကိစ္စဖြစ်ပါတယ်”

အဖမ်းခံရတဲ့ အမျိုးသမီးတွေဟာ အသက် ၂၅ နှစ်ကနေ ၅၀ ကြားအရွယ် အမျိုးသမီးတွေဖြစ်ပြီး အမျိုးသားတွေကတော့ အသက် ၄၀ ကနေ ၅၀ ကြားအရွယ် လေးဦးနဲ့ အသက် ၃၀ အရွယ် တစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်မှာရှိတဲ့ ထီဗွားရွာဟာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် အခြေအနေအသေးစိတ်ကို မသိရှိရဘူးလို့ ဆီဆိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီဘက်က ရှမ်းကယား နယ်စပ်ဖြစ်သွားပြီ။ အခုတိုက်ပွဲတွေလည်း ဖြစ်နေတယ်။ ဒေသခံတွေ အဖမ်းခံရတယ်ဆိုတာက ဖြစ်နိုင်တယ်။ အဲဒီမှာက ကယန်းလူမျိုးတွေရော လူမျိုးပေါင်းစုံရှိတာ။ စစ်တပ်နဲ့တွေ့ရင် မှတ်ပုံတင်ကြည့်ပြီး စစ်ဆေးမေးမြန်းတာ၊ ခေါ်ထားတာမျိုးတွေက အမြဲဖြစ်လေ့ရှိတယ်”

ထီဗွာရွာသားတွေကို ဖမ်းဆီးထားတယ်ဆိုတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဆီဆိုင်မြို့အနောက်ဘက်နဲ့ ရှမ်း၊ ကယားနယ်စပ်က ကျေးရွာတွေမှာ မေလ ၈ ရက်နေ့ ဒီနေ့အထိ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ PNLA တပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေတာကြောင့် ဒေသခံ ငါးသောင်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။