မြန်မာဘက်ကသယ်လာတဲ့ အရက်၊ ဘီယာနဲ့ စီးကရက်တွေ အိန္ဒိယမှာ ဖမ်းဆီးခံရ

RFA Burmese
2023.10.09
မြန်မာဘက်ကသယ်လာတဲ့ အရက်၊ ဘီယာနဲ့ စီးကရက်တွေ အိန္ဒိယမှာ ဖမ်းဆီးခံရ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်တွင် အာသံရိုင်ဖယ်တပ်မှ သိမ်းဆည်းရမိသည့် မြန်မာနိုင်ငံမှ တရားမဝင်သယ်လာသည့် ရူပီး ၂၆ ဒသမ ၈၆ သိန်းတန်ဖိုးရှိ နိုင်ငံခြားထွက် စီးကရက်နှင့် အရက်များကိုတွေ့ရစဉ်။
India Today NE

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံဘက်က တရားမဝင်သယ်လာတဲ့ ရူပီးငွေ ၂၆ သိန်းကျော်တန်ဖိုးရှိတဲ့ စီးကရက် ၁၇ ဖာ၊ ဘီယာ ၈၈ ဖာ၊ ဝိုင် ၁၆ ဖာနဲ့ ၀ီစကီအရက်တွေကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်၊ ဇိုခေါ်ထာ (Zokhawthar) နဲ့ မလ်ဘု (Melbuk) ရွာအကြားမှာ အာသံရိုင်ဖယ်နဲ့ အကောက်ခွန်ဌာနတို့က ပူးပေါင်းပြီး အောက်တိုဘာ ၇ ရက်နေ့မှာ စစ်ဆေးချိန် ဖမ်းမိခဲ့တာလို့ မီဇိုရမ်နယူးစ်သတင်းက အောက်တိုဘာ ၈ ရက်နေ့မှာ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က မီဇိုရမ်ပြည်နယ် ကျန်ဖိုင်ခရိုင် မွာလ်ကွိုင်ရွာအနီးမှာ လည်း အမျိုးသားတစ်ဦးထံကနေ ချင်းပြည်နယ် မတူပီမြို့နယ်ဘက်က သယ်လာတဲ့ ဘိန်းဖြူ ၁၄၉ ဂရမ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်၊ လင်ပွီး (lengpui) လေဆိပ်မှာ မြန်မာအမျိုးသမီးတစ်ဦး သယ်လာတဲ့ ရူပီသိန်း ၃၁၀၀ ခန့် တန်ဖိုးရှိတဲ့ စိတ်ကြွမူးယစ်ဆေး ၁၀ ကီလိုဂရမ်ကျော်ကို မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

လက်ရှိမှာ မြန်မာနဲ့အိန္ဒိယ နှစ်နိုင်ငံသဘောတူညီချက်အရ နှစ်နိုင်ငံနယ်စပ်၊ မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသားတွေဟာ နယ်စပ်တလျှောက် ၁၆ ကီလိုမီတာအထိ လွတ်လွတ်လပ်လပ်သွား လာခွင့်ရနေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ငါးသောင်းကျော် ရှိနေပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။