အိန္ဒိယမှာ မြန်မာနိုင်ငံသားတစ်ဦး သိန်းတစ်သောင်းခွဲကျော် စိတ်ကြွဆေးတွေနဲ့ အဖမ်းခံရ

RFA Burmese
2023.10.16
အိန္ဒိယမှာ မြန်မာနိုင်ငံသားတစ်ဦး သိန်းတစ်သောင်းခွဲကျော် စိတ်ကြွဆေးတွေနဲ့ အဖမ်းခံရ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်တွင် အာသံရိုင်ဖယ်တပ်မှသိမ်းဆည်းရမိသည့် မြန်မာနိုင်ငံသားတစ်ဦး တရားမဝင်သယ်လာသော သိန်းပေါင်း တစ်သောင်းခွဲကျော်တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားများနှင့်အတူ တွေ့ရစဉ်။
India Today NE

အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုခေါထာရွာ (Zokhawthar) မှာ အောက်တိုဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံသားတစ်ဦးကို သိန်းပေါင်း တစ်သောင်းခွဲကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား (Methamphetamine) ၁၅ ကီလိုဂရမ်နဲ့အတူ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူဟာ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ ဟိုင်မွှာလ်ရွာမှာနေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုကမ်ဗျက်တုန်း (Kam Biak Taung) ဖြစ်ပြီး ကြိုတင်သတင်းပေးချက်အရ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခဲ့တာလို့ မီဇိုရမ်နယူးစ်သတင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေဟာ အလုံးရေ တစ်သိန်းခွဲ၊ အလေးချိန် ၁၅ ကီလိုဂရမ်ရှိပြီး ရူပီးငွေ သိန်း ၄၅၀၀ (မြန်မာငွေ သိန်းတစ်သောင်းခွဲကျော်) တန်ဖိုးရှိတယ်လို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်၊ ဇိုခေါ်ထာ (Zokhawthar) နဲ့ မလ်ဘု (Melbuk) ရွာအကြားမှာ တရားမဝင်သယ်လာတဲ့ ရူပီးငွေ ၂၆ သိန်းကျော် (ကျပ်ငွေ သိန်းကိုးရာကျော်) တန်ဖိုးရှိတဲ့ စီးကရက် ၁၇ ဖာ၊ ဘီယာ ၈၈ ဖာ၊ ဝိုင် ၁၆ ဖာနဲ့ ဝီစကီအရက်တွေကို အာသံရိုင်ဖယ်တပ်က ဖမ်းဆီးခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက်နဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို သိန်းခြောက်ထောင်ခန့်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံနေတဲ့ မြန်မာဒုက္ခသည် ငါးသောင်းကျော်ရှိနေပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

အခုရက်ပိုင်းမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ ပိုများလာတာကြောင့် ပြည်နယ်အစိုးရက ကန့်သတ်ပိတ်ဆို့မှုတွေ ပြုလုပ်လာမှာကို စိုးရိမ်နေတယ်လို့ မြန်မာစစ်ဘေးဒုက္ခသည်တွေက RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။