ဧရာ၀တီတိုင်း မြို့နယ်သုံးခုမှာ PDF စွပ်စွဲချက်နဲ့ အဖမ်းခံရသူတွေများလာ

RFA Burmese
2023.10.09
ဧရာ၀တီတိုင်း မြို့နယ်သုံးခုမှာ PDF စွပ်စွဲချက်နဲ့ အဖမ်းခံရသူတွေများလာ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ်သတိပြုရှောင်ရှားနိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များအား ၂၀၂၃ ခုနှစ် မေလ ၁၂ ရက်နေ့က ဖြန့်ဝေနေစဉ်။
Myanmar local news digital

ဧရာဝတီတိုင်း၊ ရေကြည်၊ ငါးသိုင်းချောင်းနဲ့ အသုတ်မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးမှုတွေ ခပ်စိပ်စပ်ဖြစ်လာပြီး ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်း လေးဆယ်နီးပါး အဖမ်းခံခဲ့ရသလို နှစ်ဆယ်ခန့် အခုထိမလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စွပ်စွဲဖမ်းဆီးခံရသူအများစုဟာ CDM ဝန်ထမ်းတွေနဲ့ အရင်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူလူငယ်တွေဖြစ်ပြီး ငါးသိုင်းချောင်းနဲ့ အသုတ်မြို့နယ်က အများဆုံးဖြစ်တယ်လို့ ရေကြည်မြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"စိပ်တာကတော့ ဒီနှစ်လ၊ သုံးလအတွင်းမှာ တော်တော်စိပ်တဲ့ သဘောရှိတယ်။ အဓိကကတော့ ဒီလိုဗျာ။ အများစုကတော့ မဟုတ်မမှန် စွပ်စွဲတာပေါ့။ အဲဒီအထဲမှာ လူငယ်တွေလည်း ပါတယ်၊ လူကြီးတွေလည်းပါတယ် အစုံပဲ။ သူတို့ဟာနဲ့သူတို့က တစ်ခုခုနဲ့ဆက်စပ်တယ်။ ရှင်းရှင်းပြောရရင်ဗျာ၊ နှစ်ပိုင်းပေါ့ဗျာ။ ပထမတစ်ပိုင်းက ဒီအတိုင်းပဲ သူတို့မကျေနပ်တဲ့သူပေါ့။ ပြီးတော့ အရင်ကဆန္ဒပြဖူးတဲ့သူတွေ။ ပြီးရင် CDM လုပ်တဲ့သူတွေ။ အဲလိုလူတွေဆိုရင်တော့ PDF နဲ့ဆိုပြီး စွပ်စွဲခေါင်းစဥ်တပ်ပြီး ဖမ်းတယ်"

အဲဒီလိုဖမ်းဆီးမှုတွေဟာ သြဂုတ်လမှာပိုများလာပြီး လက်ရှိ အောက်တိုဘာလအတွင်းမှာ တင် ဆယ်ဦးခန့် ရှိလာသလို CDM ဝန်ထမ်းခြောက်ဦးခန့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

PDF စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူတွေဟာ စစ်ကြောရေးမှာ ငွေကြေးအတောင်းခံရတာအပြင် ညှဥ်းပန်းနှိပ်စက်ခံရတာနဲ့ သတ်ဖြတ်ခံရတာပါ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကို PDF စွပ်စွဲချက်နဲ့ဖမ်းဆီးနေတဲ့အပေါ် စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

သြဂုတ်လ ၃၀ ရက်နေ့ကလည်း အသုတ်မြို့၊ အမှတ် (၄) ရပ်ကွက်က NLD ရပ်ကျေးဥက္ကဋ္ဌ ဦးအောင်မြင့်စိုးကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့မှာတော့ သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။