ထောင်ကျ သတင်းသမား အများ ဆုံးနိုင်ငံစာရင်းထဲ မြန်မာပါဝင်ဆဲ
2014.12.21

၂၀၁၄ ခုနှစ်အတွင်း သတင်းသမားတွေကို ဖမ်းဆီးထောင်ချမှု အများဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်း မှာ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်အခြေစိုက် CPJ ခေါ် သတင်းသမားများ ကာကွယ်ရေးကော်မတီက ထုတ်ပြန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာအရ သတင်း သမားတွေ ဖမ်းဆီးထောင်ချခံရတာအများဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၈ မှာ ရှိနေ ပါတယ်။
CPJ ရဲ့ စာရင်းမှာ ဒီနှစ်အတွင်း သတင်းသမား ၄၄ ဦးကို ဖမ်းဆီးအကျဉ်းချခဲ့တဲ့ တရုတ်ပြည်ကစာရင်းရဲ့ ထိပ် ဆုံးမှာရှိနေပြီး၊ သတင်းသမား ၃၀ ကို ထောင်ချခဲ့တဲ့ အီရန်က ဒုတိယ၊ သတင်းထောက် ၂၃ ယောက် ဖမ်းဆီးခံခဲ့ရတဲ့ အယ်ရီထရီးယားနိုင်ငံက တတိယဖြစ်ပါတယ်။ အီသီယိုးပီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေက စတုထ္တနဲ့ ပဉ္ဓမနေရာတွေမှာ ရှိနေကြပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်အတွင်း ထောင်ချခံရတဲ့ သတင်းသမား၁၀ ဦး၊ တရားစွဲဆိုခံနေရတဲ့ သတင်းသမား ၁၇ ဦး ရှိပါတယ်။ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် အပါအဝင်သတင်းသမား ငါးဦးကို နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီး၊ အောက်တိုဘာလမှာ မွန်းတည့်နေဂျာနယ်က အယ်ဒီ တာ ၂ ဦး၊ သတင်းထောက် ၁ ဦး နဲ့ထုတ်ဝေသူ ၂ ဦးကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ နဲ့ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။
Eleven Media အဖွဲ့က ထုတ်ဝေသူနဲ့ အမှုဆောင်အရာရှိချုပ် အပါအဝင် အယ်ဒီတာအဖွဲ့ကို ပြန်ကြားရေး ဝန်ကြီးဌာန ကအသရေဖျက်မှု နဲ့တရားစွဲဆိုထားသလို၊ မြန်မာသံတော်ဆင့်သတင်းစာက အယ်ဒီတာချုပ် အပါအဝင် ၁၁ ဦးကို လည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှ အလွတ်သတင်းထောက် ကိုပါကြီး ဟာလည်း ၂၀၁၄ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာ အသတ်ခံခဲ့ရတဲ့ သတင်းသမား ၄၂ ဦးစာရင်းထဲမှာ ပါဝင်သွားခဲ့ပါတယ်။