ဖမ်းဆီးခံ ကလေးသပိတ်အဖွဲ့ဝင် လေးဦး မိသားစုဝင်တွေပါ ဖမ်းဆီးခံရ
2023.04.18

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဧပြီလ ၁၆ ရက်နေ့က အတာသပိတ်လုပ်ဖို့ လူစုနေချိန် စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွားတဲ့ ကလေးပင်မသပိတ်အင်အားစုအဖွဲ့ဝင် လေးဦးအပြင် မိသားစုဝင်တွေပါ ထပ်မံဖမ်းဆီးခံရပြီး နေအိမ်တွေပါ ချိပ်ပိတ်ခံရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
ကလေးမြို့ တောင်ဖီလာ၊ အောင်မင်္ဂလာ၊ အောင်သစ္စာနဲ့ မွန်းလိုင်ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ ကိုသန်းစိုးဦး၊ မကျိန်ဒွန့်ကိမ်၊ မနှင်းစံ၊ ကိုမျိုးကိုဝင်းတို့ကတော့ ဆန္ဒပြဖို့စီစဉ်နေချိန် အဖမ်းခံရတာပါ။
တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ် တံတားဦးအနီးမှာ အတာအိုးတွေပေါ် တော်လှန်သင်္ကြန် စာသားရေးပြီး အာဏာရှင်ဆန့်ကျင်ရေးသပိတ်လုပ်ဖို့ လူစုနေချိန် ဒလန်သတင်းပေးမှုကြောင့် ဖြိုခွင်းခံရသလို ပစ်ခတ်ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ လက်ရှိနေအိမ်တွေမှာ ချိပ်ပိတ်ကြောင်း စာတွေ လိုက်ကပ်ထားတာ တွေ့ရတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ ကလေးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"နေအိမ်တွေမှာ စာတွေ လိုက်ကပ်ထားတယ်၊ ချိပ်ပိတ်ကြောင်းပေါ့။ မိသားစုဝင်တွေကို ဘာလို့ဖမ်းတာလဲတော့ မသိဘူး။ ပစ္စည်းတွေကိုလည်း အပြင်တွေကို ထုတ်ပစ်တယ်။ အခုထိလည်း ဘယ်သူနဲ့မှ အဆက်သွယ် မရသေးဘူး"
ဒါ့အပြင် ဖမ်းဆီးခံရသူတွေကို သူတို့ရဲ့နေအိမ်တွေရှိရာ လမ်းပြခိုင်းပြီး နေအိမ်မှာရှိနေတဲ့ မိသားစုဝင်တွေကိုပါ ထပ်မံဖမ်းဆီးခဲ့တဲ့အပြင် နေအိမ်တွေကိုပါ ချိပ်ပိတ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
မွန်းလိုင်ရပ်ကွက်မှာနေထိုင်တဲ့ မကျိန်ဒွန့်ကိမ်ရဲ့ နေအိမ်ကို ချိပ်ပိတ်ခဲ့ပြီးနောက် နေမကောင်းဖြစ်နေတဲ့ မိခင်ဖြစ်သူနဲ့ မသန်စွမ်း တူမဖြစ်သူကိုပါ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထပ်မံဖမ်းဆီးခံရတဲ့ မိသားစုဝင်အရေအတွက် အတိအကျကို RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
သပိတ်အင်အားစုအဖွဲ့ဝင်တွေ ဖမ်းဆီးခံရပေမယ့် အာဏာသိမ်းပြီးကတည်းက နေ့စဉ်လုပ်လာတဲ့ ဆန္ဒပြသပိတ် ရက် ၈၀၀ ပြည့်အဖြစ် ပဇီကြီး လေကြောင်း တိုက်ခိုက်ခံရမှုမှာ သေဆုံးသူတွေအတွက်ရည်ရွယ်ပြီး အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဆက်လုပ်ခဲ့တယ်လို့ ကလေးမြို့ပင်မသပိတ် အင်အားစုက ထုတ်ပြန်ထားပါတယ်။