ကလေးမြို့ ဖိုးလမင်းမုန့်ဆိုင် စီးနင်းခံရပြီး လူ ၁၅ ဦးခန့် ဖမ်းဆီးခံရ
2024.01.18
စစ်ကိုင်းတိုင်း ကလေးမြို့ ပင်လုံရပ်ကွက်က ဖိုးလမင်း မုန့်ဆိုင်ကို ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဆိုင်ပိုင်ရှင် အပါအဝင် ဆိုင်ဝန်ထမ်းနဲ့ စျေးဝယ်လာသူ စုစုပေါင်း ၁၅ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူတွေဟာ ဒီနေ့ထိ မိသားစုတွေနဲ့ အဆက်အသွယ် မရကြသေးဘူးလို့ ကလေးမြို့ခံတွေက ပြောပါတယ်။
မု့န့်ဆိုင်ပိုင်ရှင် ဒေါ်ဌေးစိန်နဲ့ ဖမ်းဆီးခံရသူတွေကို ကလေးမြို့က ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ)မှာ ဖမ်းဆီးထိမ်းသိမ်းထားပြီး ဇန်နဝါရီလ ၁၈ ရက် ဒီနေ့အထိ မိသားစုနဲ့ ဆက်သွယ်ခွင့်မရသေးတာလို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
“ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိရသေးဘူး။ ဒကစကိုတော့ သူတို့ခေါ်သွားကြတယ်။ အဲဒီ ဖိုးလမင်းမုန့်ဆိုင်က ပိုင်ရှင်ရော၊ အလုပ်သမားတွေရော၊ လာဝယ်တဲ့သူတွေရော အနည်းဆုံး ၁၅ ယောက်လောက်ပါမယ်။ လာဝယ်တဲ့ကောင်လေးဆို ထိုးကြိတ်ပြီး ခေါ်သွားတာ။ သူတို့က ပေါင်မုန့်တို့၊ ကိတ်မုန့်တို့ ရောင်းတာ၊ မုန့်တိုက်ပေါ့။ ရောင်းလည်း ရောင်းရတယ်။ ပြီးတော့ ငွေသွင်းငွေထုတ်လည်း လုပ်တယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
လက်ရှိမှာတော့ ကလေးမြို့မှာ လုံခြုံရေး တင်းကျပ်ထားပြီး စစ်ကောင်စီတပ်က လမ်းသွားလမ်းတာတွေကို ရှောင်တခင် စစ်ဆေးတာ ပြုလုပ်နေသလို ငွေကြေး တောင်းခံတာမျိုးတွေလည်း ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၂၅,၈၃၀ ဦး ရှိပြီး အဲဒီထဲက ၁၉,၉၃၀ ဦးက ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။