ကန့်ဘလူမှာ လူငါးဆယ်ခန့် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

RFA Burmese
2024.06.21
ကန့်ဘလူမှာ လူငါးဆယ်ခန့် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ထွက်ပြေးနေကြရသည့် ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ရစဥ်။
Facebook/ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က အရပ်သား ငါးဆယ်ခန့် စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ဦးဝါသဝရဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဇွန်လ ပထမပတ်ကစလို့ ထန်းကုန်းတိုက်နယ်က ရွာတချို့ကို ဝင်ရောက်ပြီး ဒေသခံတွေ ဖမ်းဆီးခဲ့တာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူဒေသခံတစ်ဦးကတော့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေ ရွာထဲဝင်လာချိန် ထွက်ပြေးချိန်မရဘဲ ပိတ်မိတဲ့ဒေသခံတွေ ဖမ်းဆီးခံရတာလို့ RFA ကို ပြောပါတယ်။

“ကြိုပြီးတော့ ရှောင်ကြဖို့လုပ်နေကြချိန် အဖမ်းခံရတာလည်းရှိတယ်။ စုစုပေါင်း အဖမ်းခံရတာက တစ်ရာနီးပါးရှိတယ်။ အဲဒါ ငါးဆယ်ကတော့ ပြန်လွတ်လာပြီ။ ကျန်တဲ့ငါးဆယ်နီးပါးလောက်က အဖမ်းခံထားရတယ်။ အမျိုးသားရော အမျိုးသမီးရောပါတယ်။ စစ်မှုထမ်းဖို့ ဖမ်းတာ။ အခုတစ်ခေါက်က စစ်ကြောင်းထိုးတာလည်းမဟုတ်ဘူး”

ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားတဲ့ မူးမြစ်ကမ်းဘေးတစ်လျှောက် ထန်းကုန်းတိုက်နယ်ထဲမှာ စစ်သားစုဆောင်းမှုတွေကြောင့် ယော၊ လယ်လှ၊ ဆူးပုတ်ကုန်း၊ မင်းကုန်း စတဲ့ရွာတွေအပါအဝင် ရွာဆယ်ရွာခန့်က ဒေသခံတစ်သောင်းကျော်ဟာ PDF တွေ စိုးမိုးထားတဲ့နယ်မြေတွေထဲ တိမ်းရှောင်နေရတယ်လို့ သူကပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲမှာ စစ်မှုထမ်းဥပဒေ မထုတ်ပြန်ခင်ကတည်းက ပြည်သူ့စစ်အဖြစ် လူစုဆောင်းမှုတွေရှိနေပြီး အခုနောက်ပိုင်း ပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းနဲ့ပတ်သက်လို့ အတင်းအဓမ္မ လူစုဆောင်းတာတွေမလုပ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုတာတွေရှိနေပေမဲ့ လက်တွေ့မှာဖမ်းဆီးခံရပြီး စစ်သားစုဆောင်းတဲ့အထဲ ပါသွားသူတွေလည်း ရှိနေပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

လက်ရှိမှာ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းအပတ်စဥ် (၃) အတွက် လူသစ်စုဆောင်းတာတွေ လုပ်နေပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်း အပတ်စဥ် (၂) အတွက် နိုင်ငံတစ်ဝန်းက လူငယ် လေးထောင်ခန့် (၃,၉၅၃) ဦး စစ်သားစုဆောင်းခံခဲ့ရတယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) က မေလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်မှုထမ်းသတင်တန်း အပတ်စဥ် (၁) မှာ နိုင်ငံတစ်ဝန်းက လူငယ်ငါးထောင်နီးပါး စစ်မှုထမ်းဖို့ စုဆောင်းခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။