စစ်တွေမြို့ပေါ်မှာ ဒေသခံ အမျိုးသားနှစ်ရာခန့် ဖမ်းဆီးခံရ

RFA Burmese
2024.06.16
စစ်တွေမြို့ပေါ်မှာ ဒေသခံ အမျိုးသားနှစ်ရာခန့် ဖမ်းဆီးခံရ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ကိုပြောင်းရွှေ့လာတဲ့ ဒေသခံ အမျိုးသားနှစ်ရာခန့်ကို ဇွန်လ ၁၅ ရက်နေ့မနေ့က စစ်ကောင်စီတပ်သားတွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ စစ်ကောင်စီတပ်က မြို့ပေါ်ကို အတင်းပြောင်းရွှေ့ခိုင်းထားတဲ့ ရွာတွေကဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"စစ်တွေ စစ်တပ်ကနေ အင်အားအလုံးရင်းနဲ့လာပြီးတော့ မင်းဂံရပ်ကွက် ၆၊ ၇၊ ၈၊ ၉ အကွက်တွေထဲက လူတွေကို စစ်ပြီးတော့ဖမ်းသွားတာ။ အဲလူတွေက သူတို့ (စကစ) လောလောလတ်လတ် ရွေ့ခိုင်းထားတဲ့ရွာထဲက သူတွေ ဟုတ်တယ်"

ဖမ်းဆီးခံရတွေဟာ ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်နဲ့ အုန်းရေဖော် စတဲ့ရွာတွေကနေ မြို့ပေါ် မင်းဂံရပ်ကွက်ကို ပြောင်းရွှေ့နေထိုင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အားလုံးကို စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးမှာဖမ်းဆီးထားပြီး ဘာကြောင့် အခုလို လာရောက်ဖမ်းဆီးသွားလဲဆိုတာ အတိအကျမသိရသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ဒီအပေါ်တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

စစ်တွေမြို့နယ် မေယုမြစ်ကမ်းအနီးက ရေချမ်းပြင်၊ အောင်တိုင်၊ ကျက်တောပြင်၊ ပလ္လင်ပြင်နဲ့ အုန်းရေဖော် စတဲ့ ရွာတွေက ဒေသခံတွေကို ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး မြို့ပေါ်ကို ပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ်က အမိန့်ထုတ်ထားတာပါ။

မေလ ၂၉ ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီနင်းပြီးနောက် ဒေသခံ ၇၆ ဦး သတ်ဖြတ်ခံခဲ့ရသလို ကျန်တဲ့ ဒေသခံတွေကိုလည်း မြို့ပေါ်ကို အတင်အကျပ် ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။