မတ္တရာမြို့နယ်မှာ ဆရာတော်နှစ်ပါးနဲ့ ဒေသခံ ငါးဦး ဖမ်းဆီးခံရပြီး အဆက်အသွယ်မရဖြစ်နေ

RFA Burmese
2023.11.14
မတ္တရာမြို့နယ်မှာ ဆရာတော်နှစ်ပါးနဲ့ ဒေသခံ ငါးဦး ဖမ်းဆီးခံရပြီး အဆက်အသွယ်မရဖြစ်နေ မန္တလေးတိုင်း၊ မတ္တရာမြို့၊ မြို့မဈေးတစ်နေရာအား ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Madaya We Love - facebook

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နိုဝင်ဘာလ ၁၂ ရက်နဲ့ ၁၃ ရက်က ဆရာတော်နှစ်ပါးနဲ့ ဒေသခံငါးဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်လွတ်လာတာ မရှိသေးသလို အဆက်အသွယ်လည်း မရဘူးလို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ က ပြောပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့မနက်က မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းရွာဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် သက်တော် ၆၉ အရွယ်ဦးဝါယမနဲ့ အဲဒီကျောင်းမှာ ခေတ္တရောက်နေတဲ့ ရေနားဘုန်းကြီးကျောင်းက ဆရာတော် ဦးခေမာတို့ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဆရာတော်နှစ်ပါးက ကြားရွာဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဦးသုစိတ္တရဲ့ မီးသင်္ဂြိုဟ် စျာပနအခမ်းအနားကို အသွားမှာ ကျောင်းအပေါက်ဝမှာတင် အဖမ်းခံလိုက်ရတာပါ။ ဒီနေ့ထိ ဆရာတော်တွေရဲ့ သတင်းအစအန မကြားရသေးဘူး"

ဖမ်းဆီးခံလိုက်ရတဲ့ ဆရာတော်နှစ်ပါးဟာ မတ္တရာမြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်တွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မတ္တရာမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ မတ္တရာမျိုးမှန်အဖွဲ့ ကလည်း ဆရာတော်နှစ်ပါး ဖမ်းဆီးခံရတာ မှန်ကန်တယ်လို့ နိုဝင်ဘာလ ၁၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၁၃ ရက် မနက်ပိုင်းကလည်း မတ္တရာမြို့နယ် တံငါရွာမှာ စျေးရောင်းနေတဲ့ အသက်လေးဆယ်ဝန်းကျင် ကိုသက်ရှည်၊ ကိုကျော်နိုင်ထွန်း၊ ကိုစိုးကြီး၊ မသက်မွန်နဲ့ မငယ်ထွေးတို့ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ သေချာမသိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီအပေါ် အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းစီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုဝင်ဘာလ ၁၁ ရက်နဲ့ ၁၂ ရက်အတွင်းမှာလည်း မတ္တရာမြို့နယ်ထဲက လက်ဝဲကြီး၊ လမိုင်း၊ ကျောက်တံတား၊ အောင်ချမ်းသာနဲ့ ကျပ်ပြင်ရွာက ဒေသခံ ၂၀ ခန့်ကိုလည်း စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးသွားတယ်လို့ မတ္တရာမျိုးမှန်အဖွဲ့က ထုတ်ပြန်ထားပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။