အိန္ဒိယမှာ မြန်မာစစ်ဘေးဒုက္ခသည် လေးဆယ်ကျော် ဖမ်းဆီးခံရ
2023.11.02
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့မှာ နိုဝင်ဘာ ၁ ရက်နေ့ မနက်က မြန်မာ စစ်ဘေးဒုက္ခသည် လေးဆယ်ကျော် ဖမ်းဆီးခံရတယ်လို့ အဲဒီမှာ နေထိုင်တဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက်နေ့က မိုးရေးမြို့မှာ ရဟတ်ယာဉ်ကွင်းဖောက်လုပ်မယ့်နေရာကို လာရောက်ကြည့်ရှုတဲ့ ရဲအရာရှိတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တွေက သံသယရှိသူတွေကို ရှာဖွေချိန်မှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ လေးဆယ်ကျော်ထဲက အမျိုးသမီးနဲ့ ကလေးတွေကို ပြန်လွှတ်ပေးပြီး တချို့ကို အကျဉ်းထောင်ပို့ထားတယ်လို့ India For Myanmar အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
"ဖြစ်ရပ်ကမှန်ပါတယ်။ လောလောဆယ် ၄၄ ဦး ဖမ်းဆီးခံရပြီး အမျိုးသမီးနဲ့ ကလေး ၁၂ ဦးကိုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။ ဆယ်ဦးကတော့ ထောင်ကို ပြောင်းရွှေ့လိုက်ပြီလို့ သိရတယ်။ မဏိပူရ်မှာ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားလို့ အသေးစိတ်အခြေအနေကိုတော့ အတည်မပြုနိုင်သေးပါဘူး"
ဖမ်းဆီးခံရသူတွေဟာ မိုးရေးမြို့ အနီးတစ်ဝိုက်မှာ နေထိုင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ မြို့ပေါ်မှာ စျေးလာရောင်းတဲ့သူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယအစိုးရရဲ့ ဇီဝအချက်အလက်ကောက်ယူမှုတွေအရ လက်ရှိ မိုးရေးမြို့ အနီးတစ်ဝိုက်မှာ မြန်မာစစ်ဘေးဒုက္ခသည် သုံးထောင်ခန့် ခိုလှုံနေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ကသည်းနဲ့ ကူကီးတွေရဲ့ လူမျိုးရေးပဋိပက္ခဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့လူတွေကြောင့်လို့ ယူဆပြီး ပြည်နယ်အစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်နေတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ မြန်မာစစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။