ဖမ်းခံခဲ့ရတဲ့ မြန်မာလုပ်သား ၃၀၀ ကျော် လွတ်မြောက်
2020.04.02
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ခရီးမသွားကြဖို့ အာဏာပိုင်တွေက ဧပြီ ၁ ရက် မနေ့ညက အမိန့်ထုတ်လိုက်ပြီးနောက် မြန်မာပြည်ပြန်တဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော် ဧပြီ ၂ ရက် ဒီနေ့မနက်က ဖမ်းဆီးခံခဲ့ရပြီး ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာပါတယ်။
မဲဆောက်မြို့နယ်အပါအဝင် တာ့ခ်ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ဆိုပြီး ခရီးသွားလာ တာတွေ မလုပ်ဖို့၊ မလိုက်နာဘူးဆိုရင် ဥပဒေအရ အရေးယူမယ်လို့ ဧပြီ ၁ ရက် မနေ့ညက အမိန့်ထုတ် လိုက်တာပါ။
အမိန့်ထုတ်ထားတာကို မနာခံလို့ဆိုပြီး မြန်မာပြည်ပြန်ဖို့ ကြိုးစားတဲ့ မြန်မာအလုပ်သမားတွေကို ဧပြီ ၂ ရက် ဒီနေ့မနက်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ မြဝတီအမှတ်၂ တံတားကိုသွားတဲ့လမ်းမှာ မြန်မာ လုပ်သားတွေ လိုက်ပါလာတဲ့ ကား ၁၆ စီး အဖမ်းခံခဲ့ရတာပါ။
အဖမ်းခံရတဲ့ အလုပ်သမားတွေက ထိုင်းအာဏာပိုင်တွေ အမိန့်ထုတ်လိုက်တာကိုမသိဘဲ ပွဲစားတွေစကားကို ယုံပြီး ပြန်လာကြသူတွေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးဝေလင်းမောင် က ပြော ပါတယ်။
"တာ့ခ်ခရိုင်ထဲမှာ မဖြတ်သန်းဖို့ ကြေညာထားပြီးသား၊ ကျနော်တို့တွေလည်း တင်ထားသလို့ မြန်မာသံရုံးဘက်က လည်း တင်ထားတယ်၊ အခုကားတွေ ၁၆ စီးလောက် အဖမ်းခံထားရတယ်၊ ဒါက ကျနော်သိတဲ့အတိုင်းအတာပဲ၊ အဲတောင်ပေါ်မှာလည်း စစ်တပ်တို့၊ ရဲတို့ ဂိတ်လေးဂိတ်လောက်ရှိတယ်၊ အဲဂိတ်တွေမှာလည်း ကားတွေဖမ်း ထားတာ တော်တော်များတယ်လို့ကြားတယ် လူဦးရေက ၁၅၀ ၊ ၂၀၀ လောက်တော့ပါနိုင်တယ်"
ဧပြီ ၂ ရက် ဒီနေ့မနက်က ဖမ်းခံလိုက်ရတဲ့ အလုပ်သမား ၃၀၀ ကျော်ဟာ နေ့လယ်မှာ ပြန်လည်လွတ်မြောက် လာပါပြီ။ ဒါပထမဆုံးအကြိမ်မို့ ပြန်လွှတ်ပေးလိုက်တာဖြစ်ပြီး ထိုင်းအာဏာပိုင်တွေက နောက်ရက်တွေမှာ ပြန်လွှတ်ပေးတော့မှာ မဟုတ်ဘူးလို့ မြန်မာအလုပ်သမားအရေးကူညီနေတဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။
“ကားတွေနဲ့အတူ အဖမ်းခံရတဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော် ဒီဘက်ကမ်းကိုရောက်လာပါပြီ၊ ဒါကလည်း ထုတ်ပြန်ချက်မမှီတမှီ လူတွေဖြစ်သွားတယ်၊ တချို့လည်း သိသိချည်းနဲ့ ဆင်းလာတာပါတယ်၊ တချို့လည်းမသိပဲ ဆင်းလာတာပါတယ်၊ နောက်လူတွေကတော့ သိသိ မသိသိအရေးယူမယ်လို့ သိရတယ်၊ အလုပ်သမားသံအရာရှိ ကနေတဆင့်၊ ဒီနေ့တောင် မဲဆောက်ကခရိုင်မှူးတွေ တော်တော်လေးအကူညီပေးလို့ ဒီလူတွေလွှတ်လာတာ”
ထိုင်းနိုင်ငံမှာ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ရာဂဏန်းရှိတာကြောင့် မြန်မာအလုပ်သမားတွေ အပါအဝင် နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်ထားပါတယ်။
မနေ့ညကစလို့ တာ့ခ်ခရိုင်အဝင်လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေပါတယ်။
ထိုင်းနိုင်ငံံမှာ ကိုရိုနာပိုးကူးစက်ခံရသူတွေရှိလာတာ၊ ဒီဗိုင်းရပ်စ်ပိုးကြောင့် စက်ရုံအလုပ်ရုံတွေ ပိတ်လိုက်တာ၊ မြန်မာသင်္ကြန်ကာလနီးတာတွေကြောင့် သောင်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေဟာ မြဝတီဂိတ် အပါအဝင် နယ်စပ်ဂိတ်တွေကနေ အသီးသီးပြန်လာနေကြတာပါ။
မြဝတီနယ်စပ်ဂိတ်ပေါက်တစ်ခုထဲကတင် ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူ ၄သောင်းလောက်ရှိနေပါပြီ။
ပြန်လာသူတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတွေ ပါလာတာကြောင့် အစိုးရက ပြီးခဲ့တဲ့ရက်ပိုင်း ကစပြီး နေရပ်တွေကို တိုက်ရိုက်ပြန်ခွင့်မပြုတော့ဘဲ ကရင်ပြည်နယ်အစိုးရ စီစဉ်ပေးတဲ့နေရာတွေမှာ ၁၄ ရက် ကန့်သတ်စောင့်ကြည်တော့မှာဖြစ်ပါတယ်။
ဒါပေမဲ့ သောင်းနဲ့ချီ ဝင်ရောက်လာမယ့် ပြည်တော်ပြန်တွေကို ၁၄ ရက် စောင့်ကြည့်ဖို့ နေရာအခက်အခဲ ရှိတာကြောင့် ဧပြီ ၁ရက်နေ့ကနေ ၁၄ ရက်အတွင်း ပြန်မလာကြဖို့ မြန်မာအစိုးရက မေတ္တာရပ်ခံထားပါတယ်။
မြဝတီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ညွှန်ကြားချက်တွေကို အလုပ် သမားတွေအနေနဲ့ လိုက်နာသင့်တယ်လို့ ပြောပါတယ်။
“အဲနိုင်ငံမှာရှိတဲ့ ညွှန်ကြားချက်တွေကို လိုက်နာပေါ့၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ညွှန်ကြားချက်ထဲမှာ မလိုက် နာဘူးဆိုရင် ငွေဒဏ်ဆိုရင် ဘတ် တစ်သိန်း၊ ထောင်ဒဏ်ဆိုရင်တစ်နှစ်ပေါ့၊ နှစ်ရပ်လုံးလည်းဖြစ်နိုင်တယ်ဆိုပြီး ရေးထားတယ်၊ အဲဒီမှာချိန်ပြီးလုပ်စေချင်တယ်၊ ပြန်လာတော့မှ ဒီထက်ပိုပြီး ဒုက္ခရောက်တာလည်း မဖြစ်စေ ချင်ဘူး၊ ညွှန်ကြားချက်တွေကို လေးစားလိုက်နာရင်တော့ ပိုကောင်းတာပေါ့”
ဧပြီ ၂ ရက် ဒီနေ့မှာတော့ မြဝတီအမှတ် ၂ တံတားကနေ မြန်မာလုပ်သား ၃၀၀ ကျော်လောက်သာဝင်လာပြီး ပြည်တော်ပြန်အရေအတွက် သိသိသာသာနည်းလာတယ်လို့ ဦးသန့်ဇင်အောင် က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဧပြီ ၂ရက်ညနေအထိ သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၅ ဦး ရှိနေပါတယ်။