နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေး ဖမ်းဆီးခံရ
2024.01.31

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးဟာ ဇန်နဝါရီလ ၂၉ ရက်ညပိုင်းက ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ဇန်နဝါရီ ၃၁ ရက်နေ့အထိ မိသားစုနဲ့ အဆက်သွယ်မရသေးတာကြောင့် စိုးရိမ်နေရတယ်လို့ မနိုဘယ်အေးရဲ့ မောင်ဖြစ်သူ ကိုထက်မြက်က ပြောပါတယ်။
မနိုဘယ်အေးဟာ ကင်ဆာရောဂါ ခံစားနေရသူဖြစ်တာကြောင့် အခုလိုဖမ်းဆီးခံရချိန် အသက်အန္တရာယ်အထိပါ စိုးရိမ်ရတယ်လို့ ကိုထက်မြက်က RFA ကိုပြောပါတယ်။
"မိသားစုတွေအနေနဲ့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်နေတယ်။ သူ့ရဲ့ ကျန်းမာရေးအခြေအနေကလည်း မကောင်းသေးဘူးဗျ။ သူက ကင်ဆာရောဂါလည်းဖြစ်နေတာ။ ဒီနှစ်အပိုင်းအခြားထဲမှာ အကိုက်အခဲပျောက်ဆေးတွေကို တောက်လျှောက်သုံးစွဲနေရတဲ့ အနေအထားဖြစ်တယ်။ နောက်တစ်ခုက သူ့ကိုလုံး၀ ဆယ်သွယ်မရသေးဘူး"
မိသားစုက စိုးရိမ်နေတာကြောင့် မနိုဘယ်အေးနဲ့ ပတ်သက်ပြီး သတင်းအစအန ရတဲ့သူရှိရင်လည်း မိသားစုကိုအကြောင်းကြားပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှတော့ မနိုဘယ်အေးနဲ့ နောက်ထပ် အမျိုးသားတစ်ဦးတို့ စီးနင်းလာတဲ့ယာဉ်ကို လုံခြုံရေးတပ်ဖွဲ့တွေက စစ်ဆေးရာမှာ လက်နက်တွေနဲ့အတူ ဖမ်းမိတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
မနိုဘယ်အေးဟာ ၉၆ မျိုးဆက်ကျောင်းသူတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်မှာ တစ်ကြိမ် နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။
ကိုဗစ် - 19 ကပ်ရောဂါကာလမှာတော့ လူမှုကူညီရေးလုပ်ငန်းတွေကိုလုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါ၀င်လှုပ်ရှားခဲ့သူဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းသုံးနှစ်အတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်း ၂၆,၀၀၀ နီးပါး (၂၅,၉၂၆ ဦး) ဖမ်းဆီးခဲ့ရပြီး အဲဒီအထဲက နှစ်သောင်းနီးပါး (၁၉,၉၈၈ ဦး) ကတော့ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။