စစ်ကိုင်းမြို့ပေါ်ရောက် ပဒူရွာခံ စစ်ဘေးဒုက္ခသည်ကိုးဦး ဖမ်းဆီးခံရ
2023.06.10

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ကို ထွက်ပြေးလာတဲ့ ပဒူရွာက စစ်ဘေးဒုက္ခသည်ကိုးဦးကို စစ်ကောင်စီတပ်သားတွေ ဒီရက်ပိုင်းမှာ ဆက်တိုက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
ပဒူရွာမှာ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ မေလ ၁၉ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ဒေသခံတွေဟာ စစ်ကိုင်းမြို့ပေါ်ကို စစ်ဘေးဒုက္ခသည်တွေအဖြစ် ပြောင်းရွှေ့လာကြတာပါ။
အဲဒီ စစ်ဘေးဒုက္ခသည်တွေဟာ မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်ကြတာ ဖြစ်ပြီး ဇွန်လ ၆ ရက်ကစလို့ စစ်ကောင်စီတပ်သားတွေ စစ်ဆေးဖမ်းဆီးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အခုဖမ်းသွားတာက လူလတ်ပိုင်းအမျိုးသားတွေ များတယ်။ အမျိုးသမီးတစ်ဦးလည်း ပါတယ်။ ကလေးငယ်တစ်ဦးလည်း ဖမ်းတဲ့အထဲ ပါသွားတယ်။ သားအမိတော်ကြတယ်။ အဲဒီအမျိုးသမီးကိုတော့ သူ့ယောကျ်ားမတွေ့လို့ဖမ်းသွားတာ။ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းတွေထဲ ဝင်ရှာပြီးတော့ဖမ်းသွားကြတာ"
ဖမ်းဆီးခံရသူကိုးဦးနဲ့ မိသားစုတွေ အခုထိအဆက်အသွယ်မရသေးသလို သူတို့ကို ဘယ်မှာ ဖမ်းထားလဲဆိုတာ မသိရသေးဘူးလို့ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေက ရွှေတောင်ဦးမှော်ကျောင်းတိုက်က အမျိုးသမီးနဲ့ကလေးငယ်တစ်ဦး၊ စစ်ကိုင်းတောင်ရိုး ပြည်တော်အေးကျောင်းတိုက်က အမျိုးသားနှစ်ဦး၊ တိလောကဂုရုချောင် ကျောင်းတိုက်က အသက် ၂၈ နှစ်အရွယ် ကိုဝေယံထွန်း၊ အသက် ၃၃ နှစ်အရွယ် ကိုချစ်သဲအောင်နဲ့ ကိုသန်းစိုးနိုင်၊ စစ်ကိုင်းမြို့ ဝါဆိုဧမြ ဥယျာဉ်စာသင်တိုက်က အသက် ၂၆ နှစ်အရွယ် ကိုဇော်သက်နဲ့ အသက် ၃၃ နှစ်အရွယ် ကိုရန်ငြိမ်းအောင်တို့ ဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ကိုထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ အဲဒီဖမ်းဆီးခံရတဲ့ ကိုးဦးဟာ PDF တပ်ဖွဲ့နဲ့ ဆက်စပ်နေသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၉ ရက်ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၈,၉၆၈ ဦးရှိလာပြီဖြစ်ပါတယ်။